သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မောင်တောတွင် ဆင် ၃၀ ကျော် ဝင်ရောက်၍ ဒေသခံများ အခက်တွေ့

AB News – ဇူလိုင် ၁၂၊ ၂၀၂၆

ရက္ခိုင်ပြည်၊ မောင်တောမြို့နယ်၊ ငွေတောင်ကျေးရွာ နှင့် သာယာကုန်းကျေးရွာ အတွင်းသို့ မေယုတောင်တန်းဘက်မှ တောဆင်အကောင်ရေ ၃၀ ကျော် မကြာခဏ ဝင်ရောက်လာပြီး ဒေသခံများ၏ ယာခင်းနှင့် စိုက်ပျိုးသီးနှံများကို စားသောက် ဖျက်ဆီးလျက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။

အဆိုပါ တောဆင်အုပ်သည် မေယုတောင်တန်းဘက်မှ ကျေးရွာအနီးသို့ ဆင်းလာကာ ညအချိန်များတွင် ရွာအတွင်းနှင့် စိုက်ပျိုးရေးယာခင်းများသို့ ဝင်ရောက်လေ့ရှိပြီး စိုက်ခင်းများကို စားသောက်ခြင်း၊ နင်းချေဖျက်ဆီးခြင်းများ ပြုလုပ်နေကြောင်း သိရသည်။

တောဆင်များ မကြာခဏ ဝင်ရောက်လာမှုကြောင့် ဒေသခံရွာသားများမှာ ညဘက်အိပ်စက်အနားယူနိုင်ခြင်းမရှိဘဲ မိမိတို့၏ နေအိမ်၊ ယာခင်းနှင့် စိုက်ပျိုးသီးနှံများ မပျက်စီးစေရန် တောဆင်အုပ်ကို ညစဉ် စောင့်ကြည့်နေရကြောင်း ဒေသခံများက ပြောသည်။

“ဆင်တွေက အကောင် ၃၀ ကျော်လောက်ရှိတယ်။ မေယုတောင်ဘက်က ဆင်းလာတာပါ။ ရွာထဲနဲ့ ယာခင်းတွေကို ဝင်ပြီး စားတယ်၊ ဖျက်ဆီးတယ်။ ညဘက်ဆို ကျနော်တို့လည်း မအိပ်ရဘူး။ ဆင်တွေကို စောင့်နေရတယ်” ဟု ဒေသခံတစ်ဦးက AB News သို့ ပြောသည်။

တောဆင်အုပ် ဝင်ရောက်မှုကြောင့် ယာခင်းပျက်စီးဆုံးရှုံးမှုများ ရှိနေသော်လည်း ပျက်စီးဆုံးရှုံးမှု ပမာဏကို AB News အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

ဒေသခံများက တောဆင်များနှင့် လူများအကြား ထိခိုက်မှုမဖြစ်ပွားစေရန်နှင့် စိုက်ပျိုးသီးနှံပျက်စီးဆုံးရှုံးမှုများ လျော့နည်းစေရန် သက်ဆိုင်ရာတာဝန်ရှိသူများအနေဖြင့် ဘေးကင်းသည့် နည်းလမ်းများဖြင့် ကူညီဖြေရှင်းပေးရန် လိုလားနေကြသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ