
AB News – ဇွန် ၂၉၊ ၂၀၆
ရက္ခိုင်ရေပိုင်နက်အတွင်း တရားမဝင်ကျူးကျော်ပြီး ငါးခိုးဖမ်းနေသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၅ ဦးကို အာရက္ခကမ်းခြေစောင့်တပ်ဖွဲ့(ACG)က ဖမ်းဆီးခဲ့ကြောင်း သိရသည်။
ယမန်နေ့ ဇွန်လ ၂၈ ရက်နေ့တွင် မောင်တောမြို့နယ်၊ ကျောက်ပန္ဒူနှင့် ဂြင်းတောကြားရှိ ပင်လယ်ပြင်အတွင်း မသင်္ကာဖွယ်ရာ စက်လှေတစ်စင်းကိုတွေ့ရှိရသဖြင့် အာရက္ခကမ်းခြေစောင့်တပ်ဖွဲမှ သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါစက်လှေမှာ အစစ်ဆေးမခံဘဲ ထွက်ပြေးခဲ့ကြောင်း ဆိုသည်။
ထို့ကြောင့် အာရက္ခကမ်းခြေစောင့်တပ်ဖွဲ့မှ လိုက်လံဖမ်းဆီးခဲ့ရာ ဂြင်းတောချောင်းဝ၊ အနောက်တောင်ဖက်ကမ်းစပ်နှင့် (၂.၇) ကီလိုမိတာအကွာ၌ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၅ ဦးပါ အဆိုပါစက်လှေကို ယမန်နေ့ ၁ နာရီ၊ ၄၀ မိနစ် အချိန်တွင်ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။
လက်ရှိတွင် ဖမ်းစီးရမိထားသည့် ငါးဖမ်းစက်လှေတစ်စင်းနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၅ ဦးကို တရားဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်နေကြောင်း သိရသည်။
ပြီးခဲ့သည့် ဇွန်လ ၁၅ ရက်နေ့ကလည်း ရက္ခိုင်ရေပိုင်နက်အတွင်း တရားမဝင် ငါးခိုးဖမ်းသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၇ ဦးနှင့်အတူ စက်လှေ ၂ စင်းကို အာရက္ခကမ်းခြေစောင့်တပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်းသိရသည်။
ဓာတ်ပုံ – APM