
AB News – ဇွန် ၁၉၊ ၂၀၂၆
ရက္ခိုင်တွင် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရနှင့် အကျိုးတူပူးပေါင်းကာ ပြည်သူများအနေဖြင့် စီးပွားဖြစ် အင်တာနက်ဆိုင်များ ဖွင့်လှစ်ခြင်းအား တရားဝင်ခွင်ပြုလိုက်ကြောင်း အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၊ နည်းပညာဌာနမှ ထုတ်ပြန်ခဲ့သည်။
အဆိုပါ တရားဝင်ခွင့်ပြုချက်နှင့် ပတ်သတ်ပြီး နည်းပညာဌာနမှ တာဝန်ရှိသူတစ်ဦးက Startlink အင်တာနက်ကို သုံးစွဲနေကြသော ပြည်သူများအနေဖြင့် အစိုးရနှင့်ပူးပေါင်းကာ တရားဝင် အင်တာနက်ဆိုင်တွေကို အခကြေးငွေယူပြီး ဖွင့်လှစ်နိုင်ပြီဖြစ်ကြောင်း ပြောကြားထားသည်။
ဤသို့ အများသုံး အင်တာနက်ဆိုင်များကို တရားဝင်ခွင့်ပြုလိုက်ခြင်းမှာ ပြည်သူများအနေဖြင့် စီးပွားရေး ပြေလည်လာစေရန်နှင့် သုံးစွဲရာတွင်လည်း စျေးနှုန်းသက်သက်သာသာဖြင့် လက်လှမ်းမှီနိုင်သည့် နေရာများတွင် အချိန်မှီအသုံးပြုနိုင်ရန် ရွယ်ရည်ကြောင်း ၎င်းက ဆိုသည်။
ထို့ကြောင့် ပြည်သူများအနေဖြင့်လည်း စီးပွားဖြစ် ”အများပြည်သူသုံး စတားလင့်အင်တာနက်စင်တာ(Public Internet Access Center – PIAC)” ဖွင့်လှစ်လိုလျှင် နည်းပညာဌာနသို့ ဆက်သွယ်ကာ လျှောက်ထားနိုင်ကြောင်း သိရသည်။
အလားတူ နည်းပညာဌာနဘက်မှ ပြဋ္ဌာန်းချက်၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ စိစစ်ကာ လိုင်စင်များ ထုတ်ပေးသွားမည်ဖြစ်ပြီး အင်တာနက်ဆိုင် လည်ပတ်နိုင်ရေးအတွက်လည်း လိုအပ်သည့် ဝန်ထမ်းပိုင်းဆိုင်ရာ၊ နည်းပညာပိုင်းဆိုင်ရာများကို နည်းပညာဌာနဘက်မှ အလုံးစုံလေ့ကျင့်သင်ကြားပေးသွားမည်ဖြစ်ကြောင်း ဆိုထားသည်။
ထို့ပြင် အစိုးရနှင့် အကျိုးတူ ပူးပေါင်းဖွင့်လှစ်ထားသော အင်တာနက်ဆိုင်များမှ ရရှိလာသော အကျိုးအမြတ်ကို အစိုးရနှင့် ပုဂ္ဂလိကကြား( ၃၀- ၇၀) နှုန်းဖြင့် ခွဲဝေ သွားမည်ဖြစ်ကြောင်း သိရသည်။