
AB News – ဇွန် ၁၈၊ ၂၀၂၆
ရက္ခိုင်ပြည်၊ စစ်တွေခရိုင်တွင် အာရက္ခတပ်တော်(အေအေ)က မေလ တစ်လအတွင်း မိုင်းအလုံးရေ ၂၀၀ ခန့်ကို ရှင်းလင်းနိုင်ခဲ့ကြောင်း သိရသည်။
စစ်တွေခရိုင်အတွင်း စစ်ကော်မရှင်တပ် ထောင်ထားခဲ့သည့် မိုင်း ၁၉၉ လုံး အာရက္ခတပ်တော်က ရှင်းလင်းခဲ့ပြီး အဆိုပါမိုင်းများထဲတွင် MA4 အမျိုးအစား (၁၅၀) လုံး၊ MA2 (၁၆) လုံးနှင့် MA1 အမျိုးအစား (၃၃) လုံးပါဝင်ကြောင်း သိရသည်။
ပြီးခဲ့သည့် မတ်လတွင်လည်း စစ်တွေခရိုင်အတွင်းက မိုင်းအလုံးရေ ၁၉၆ လုံးကို အာရက္ခတပ်တော်က ရှင်းလင်းခဲ့ပြီး ဖေဖော်ဝါရီလတွင် စုစုပေါင်းမိုင်းအလုံးရေ ၂၆၂ လုံး သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
စစ်တွေခရိုင်အတွင်း စစ်ကော်မရှင်တပ် ထောင်ထားခဲ့သည့် မြေမြှုပ်မိုင်းများစွာ ကျန်ရှိနေသေး၍ ပြည်သူများ အသက်အန္တရာယ်ကင်းရှင်းစေရေးအတွက် အာရက္ခတပ်တော်အနေဖြင့် ရှေ့ဆက်၍လည်း မိုင်းရှင်းလင်းရေးလုပ်ငန်းများကို ဆောင်ရွက်သင့်ကြောင်း ပုဏ္ဏားကျွန်းမြို့ခံတစ်ဦးက AB News သို့ ပြောသည်။
“အခုလို မိုင်းရှင်းလင်းပေးတဲ့အတွက်လည်း ဝမ်းသာမိပါတယ်။ မိုင်းကြောင့် ပြည်သူတွေရဲ့ အသက်တွေ ဆုံးရှုံးနေရပါတယ်။ စစ်ပွဲတွေ ဖြစ်နေဆဲဖြစ်တဲ့ ကျနော်တို့ ခရိုင်အတွင်းမှာ မြေမြှုပ်မိုင်းတွေ အများကြီး ကျန်ပါသေးတယ်။ ဒါကြောင့် အာရက္ခတပ်တော်က မိုင်းရှင်းလင်းရေးလုပ်ငန်းတွေကို ဆက်ပြီးတော့လည်း လုပ်ပေးစေချင်ပါတယ်” ဟု ဆိုသည်။
ရက္ခိုင်ပြည်အတွင်း စစ်ကော်မရှင်တပ်သည် ၎င်းတို့ တပ်စွဲခဲ့သည့် နေရာများနှင့် အရပ်သားပြည်သူများ သွားလာတတ်သည့် နေရာများတွင် မြေမြှုပ်မိုင်းများကို ရည်ရွယ်ချက်ရှိရှိ ထောင်ထားခဲ့သောကြောင့် အရပ်သားပြည်သူများ၏ အသက်၊ ခန္ဓာများ နေစဉ်ရက်ဆက် ပျက်စီးဆုံးရှုံးနေကြရသည်။
ရက္ခိုင်ပြည်အတွင်း မိုင်းရှင်းလင်းရေးလုပ်ငန်းစဉ်များကို ULA/AA က အစဉ်တစိုက် ဆောင်ရွက်နေပြီး မြို့ရွာများတွင် မိုင်းအန္တရာယ်ဆိုင်ရာ အသိပညာပေး ဟောပြောခြင်း၊ ဆိုင်းဘုတ်များ စိုက်ထူခြင်းနှင့် မိုင်းနှင့် စစ်ကျန်လက်နက်ပေါက်ကွဲမှုဆိုင်ရာ အသိပညာပေး လက်ကမ်းစာဆောင်များကို ဖြန့်ဝေခဲ့လျက်ရှိသည်။
ဓာတ်ပုံ – APM