သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရက္ခိုင်ပြည်ရှိ မြို့နယ်အသီးသီးတွင် “Green Arakkha” စီမံချက်ဖြင့် အရိပ်ရ သစ်ပင်များ စိုက်ပျိုးနေ(ဓာတ်ပုံသတင်း)

AB News- ဇွန် ၁၇၊ ၂၀၂၆

ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်(ULA) မှ ဦးဆောင်၍ အကောင်အထည်ဖော်ဆောင်ရွက်နေသည့် “Green Arakkha” စီမံချက်အရ အာရက္ခတပ်တော် ထိန်းချုပ်ထားသည့် ရက္ခိုင်ပြည်ရှိ ခရိုင်၊ မြို့နယ်အသီးသီး၌ မိုးရာသီအတွင်း သစ်ပင်စိုက်ပျိုးရေးကာလအဖြစ် သတ်မှတ်ပြီး အရိပ်ရ သစ်ပင်ပေါင်း သိန်းချီအား စိုက်ပျိုးနေကြသည်ကို တွေ့ရှိရသည်။

အဆိုပါစီမံချက်မှာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ တောအုပ်များ ပြန်လည်ထူထောင်ရေးနှင့် ရာသီဥတုပြောင်းလဲမှု၏ သက်ရောက်မှုများကို လျှော့ချနိုင်ရန် ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်ကြောင်း တာဝန်ရှိသူများက ပြောသည်။

“Green Arakkha” စီမံချက်အား ဇွန်လ ပထမအပတ်မှ စတင်ကာ သစ်ပင်စိုက်ပျိုးခြင်းအား ULA မှ ဦးဆောင်နေခြင်းဖြစ်ပြီး ULA ပါတီဝင်များ၊ ပါတီလူငယ်အင်အားစုများနှင့် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၏ အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ လူသားချင်းစာနာထောက်ထား‌ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးရုံ(HDCO) မှ ဝန်ထမ်းများ၊ DLEPS တပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဒေသခံလူငယ်အဖွဲ့အစည်းများနှင့် ပြည်သူလူထုတစ်ရပ်လုံး ပူးပေါင်းပါဝင်၍ အင်တိုက်အားတိုက် စိုက်ပျိုးနေခြင်းဖြစ်သည်။

မိုးရာသီကာလတစ်လျှောက် ဆက်လက်ဆောင်ရွက်သွားမည့် ယင်းစီမံချက်သည် စိမ်းလန်းစိုပြည်သည့် ပတ်ဝန်းကျင်တစ်ရပ် ဖန်တီးနိုင်ရေးနှင့် သဘာဝသယံဇာတများ ရေရှည်တည်တံ့စေရေးကို အထောက်အကူပြုရန် ရည်ရွယ်ထားကြောင်း သိရသည်။

ဒေသခံများကလည်း သစ်ပင်စိုက်ပျိုးခြင်းသည် ပတ်ဝန်းကျင်ထိန်းသိမ်းရေးသာမက မြေဆီလွှာထိန်းသိမ်းရေး၊ မြေတိုက်စားမှုများ ကာကွယ်ရေးနှင့် အနာဂတ်မျိုးဆက်များအတွက် အကျိုးပြုမည့် လုပ်ငန်းစဉ်တစ်ရပ်ဖြစ်ကြောင်း ပြောဆိုကြသည်။

ယခင်ကလည်း ရက္ခိုင်ပြည်အတွင်း NGO အဖွဲ့အစည်းများနှင့် အခြားလူမှုအဖွဲ့အစည်းအသီးသီးက သစ်ပင်များ စိုက်ပျိုးမှု ပြုလုပ်ခဲ့သော်လည်း စိုက်ပျိုးပြီးနောက် စနစ်တကျ ပြုစုပျိုးထောင်မှုနှင့် ရေရှည်ထိန်းသိမ်းမှု အားနည်းခဲ့ခြင်းကြောင်း စိုက်သမျှသစ်ပင်များမှာ ကြီးထွားမှုမရှိဘဲ ပျက်စီးသေဆုံးခဲ့ရသည်။

ယခု “Green Arakkha” စီမံကိန်းအရ သစ်ပင်စိုက်ပျိုးမှုတွင် ထိုအားနည်းချက်များကို ပြုပြင်၍ သစ်ပင်စိုက်ပျိုးခြင်းနှင့်အတူ ရေရှည်ထိန်းသိမ်းစောင့်ရှောက်ခြင်းကိုပါ ပူးတွဲလုပ်ဆောင်မည်ဖြစ်ပြီး စိုက်ပျိုးသည့် အပင်တိုင်း ရှင်သန်ကြီးထွားလာစေရန်အတွက် စိုက်ပျိုးသူကိုယ်တိုင် တာဝန်ယူပြုစုစောင့်ရှောက်ရမည့် စနစ်ကိုပါ ကျင့်သုံးနေခြင်းဖြစ်ကြောင်း သိရသည်။

အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက “Green Arakkha” စီမံကိန်းအား သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အစီအစဉ်များ၏ တစ်စိတ်တစ်ပိုင်းအဖြစ် အကောင်အထည်ဖော်နေပြီး ပြည်သူများ၏ ပူးပေါင်းပါဝင်မှုဖြင့် ပိုမိုစိမ်းလန်းစိုပြေသော အာရက္ခပြည်အဖြစ် တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။

(ဓာတ်ပုံ – Arakan Bay News)

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ