AB News – ဇွန် ၁၆၊ ၂၀၂၆
ဂွမြို့နယ်အတွင်း စစ်ကော်မရှင်လေတပ်က ထပ်မံဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံအရပ်သား ၂ ဦး သေဆုံးပြီး ၈ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ယမန်နေ့ ဇွန်လ ၁၅ ရက်နေ့၊ ညနေပိုင်းအချိန်တွင် ဂွမြို့နယ်၊ ကျိန္တလီမြို့၊ ရာမ္မာကျွန်းကျေးရွာကို စစ်ကော်မရှင်လေတပ်က ဂျက်ဖိုက်တာတစ်စီးဖြင့် ပေါင် ၅၀၀ ဗုံး ၃ လုံး ကြဲချတိုက်ခိုက်ခဲ့ကြောင်း မြေပြင်သတင်းရင်းမြစ်များထံမှ သိရသည်။
သေဆုံးခဲ့သူများမှာ ရမ္မာကျွန်းကျေးရွာမှ ဦးဝေလင်း (၅၀)နှစ်နှင့် အသက် ၃၈ နှစ်အရွယ် ဒေါ်သူဇာမိုး တို့ဖြစ်ကြောင်း သိရသည်။
ထို့ပြင် ဒဏ်ရာရရှိခဲ့သူများမှာ ရမ္မာကျွန်းကျေးရွာမှ အသက် ၁၁ နှစ်အရွယ် မယွန်းအိစံ၊ အသက် ၁၂ နှစ်အရွယ် မအေးမြတ်မွန်၊ ဒေါ် အေးသန္တာ (၄၀)နှစ်၊ ဒေါ်ခင်ဖြူ (၅၂)နှစ်၊ ဒေါ်စုမြတ်မွန် (၄၂)နှစ်၊ ဒေါ်ခင်ဥ (၇၀)နှစ်၊ ကိုအောင်သူရဝင်း (၂၆) နှစ်နှင့် ဦးကျော်ညွှန့် (၅၃)နှစ်တို့ ဖြစ်ကြောင်း သိရသည်။
အလားတူ ဇွန်လ ၁၄ ရက်နေ့ကလည်း ဂွမြို့နယ်အတွင်း စစ်ကော်မရှင်လေတပ်မှ လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့၍ ပြည်သူပိုင် နေအိမ်အချို့ ပျက်စီးခဲ့ရပြီး နွားတစ်ကောင် သေဆုံးခဲ့ရသည်။
ဓာတ်ပုံ – APM









