AB News – ဇွန် ၈၊ ၂၀၂၆
ရက္ခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်ရှိ ကျေးရွာများကို စစ်ကော်မရှင်လေတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် အရပ်သား ၃ ဦး ဒဏ်ရာရရှိခဲ့ပြီး ဘုန်းကြီးကျောင်းနှင့် နေအိမ်များ ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် ဇွန်လ ၆ ရက်နေ့ ညနေပိုင်းအချိန်တွင် ကျောက်ဖြူမြို့နယ်ရှိ ဘယာ၊ ကုလားတွင်းနှင့် သစ်ကတိုးကျေးရွာတို့ကို စစ်ကော်မရှင်တပ်က Y-12 လေယာဉ်တစ်စီးဖြင့် ဗုံး ၈ လုံး ကြဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ဗုံးကြဲတိုက်ခိုက်မှုအတွင်း ထိခိုက်ဒဏ်ရာရရှိခဲ့သူများမှာ ကျောက်ဖြူမြို့နယ်၊ တောင်မော်ကျေးရွာမှ သစ်ကတိုးရွာ ဘုန်းတော်ကြီးကျောင်းအနီးတွင် စစ်ဘေးတိမ်းရှောင်နေကြသည့် မစုနေလင်း (၁၂) နှစ်၊ စနဲမြို့ အလယ်စုရပ်ကွက်မှ ဦးချစ်လွင် (၅၀) နှစ် နှင့် တောင်ကုတ်မြို့နယ် မအီမြို့ ဆံထိုးကျေးရွာမှ သစ်ကတိုးကျေးရွာသို့ အလည်ရောက်ရှိနေသည့် ဒေါ်သန်းရီ (၆၉) နှစ် တို့ဖြစ်ကြောင်း သိရသည်။
ဇွန်လ ၆ ရက်နေ့၊ ည ၁၀ နာရီခွဲအချိန်တွင် ဘယာကျေးရွာသို့ ဗုံး ၂ လုံး ကြဲချခဲ့ရာ ရွာဦးဘုန်းကြီးကျောင်းဝင်းအတွင်း ကျရောက် ပေါက်ကွဲခဲ့သဖြင့် ကျောင်းနံရံများနှင့် ပြတင်းပေါက်မှန်များ ပြိုကျပျက်စီးခဲ့ရသည်။
ည ၁၁ နာရီ၊ ၄၆ မိနစ် တွင် ကုလားတွင်းကျေးရွာသို့ ဗုံး ၃ လုံး ထပ်မံကြဲချခဲ့ရာ ဒေသခံ ဦးထွန်းခင်၏ နေအိမ် ပြိုကျပျက်စီးခဲ့ပြီး၊ ဦးကျော်သန်းနုပိုင် နွား ၃ ကောင်နှင့် ဦးကျော်စိန်ချေ ၏ ဝက် ၂ ကောင် သေဆုံး/ဒဏ်ရာရရှိခဲ့ကာ အခြားဒေသခံများ၏ ပိုင်ဆိုင်မှုများလည်း ပျက်စီးဆုံးရှုံးခဲ့သည်။
ည ၁၂ နာရီ၊ ၁၅ မိနစ်တွင် သစ်ကတိုးကျေးရွာသို့ ဗုံး ၃ လုံး ကြဲချခဲ့သဖြင့် ဘုန်းကြီးကျောင်းအနီး စစ်ဘေးရှောင်နေသည့် အရပ်သား ၃ ဦး ဗုံးစထိမှန် ဒဏ်ရာရရှိခဲ့သည့်အပြင် ဒေသခံ ဦးမောင်မောင်လွင်ပိုင် ဝက်တစ်ကောင်လည်း သေဆုံးခဲ့ရသည်။
ရက္ခိုင်စစ်မျက်နှာတွင် အရေးနိမ့်နေသည့် စစ်ကော်မရှင်တပ်သည် စစ်ပွဲနှင့် လုံးဝသက်ဆိုင်ခြင်းမရှိသော အရပ်သားပြည်သူများ နေထိုင်ရာ မြို့ရွာများကို ပစ်မှတ်ထား၍ ရက်စက်ကြမ်းကြုတ်သော လေကြောင်းတိုက်ခိုက်မှုများကို ရည်ရွယ်ချက်ရှိရှိ ဆက်တိုက်တိုးမြှင့်လုပ်ဆောင်လျက်ရှိနေသည်။
ဓာတ်ပုံ – APM





