
AB News – ဇွန် ၇၊ ၂၀၂၆
ကျောက်ဖြူမြို့နယ်၊ တောင်မော်ဦးရေတပ်စခန်းအနီးရှိ စစ်ကော်မရှင်ကာကင်းစခန်း အားလုံးနီးပါးကို အာရက္ခတပ်တော်(AA) က သိမ်းပိုက်ရရှိထားကြောင်း ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။
မေလမှ စ၍ ပိတ်ဆို့ခံထားရသည့် အဆိုပါရေတပ်စခန်းပတ်လည်ရှိ ကာကင်းစခန်း ၆ ခုအနက် ၅ ခုကို AA က ပြီးခဲ့သည့်တစ်ပတ်ကျော်အတွင်း သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ပြီး လတ်တလောတွင် ‘အဝတောင်’ စခန်းတစ်ခုသာ ကျန်ရှိတော့ကြောင်း ဒေသခံများက ပြောသည်။
တိုက်ပွဲများအတွင်း တပ်မ ၁၁ နှင့် ဓညဝတီရေတပ်မှ အင်အားဖြည့်တင်းထားသည့် စစ်ကော်တပ်ဘက်မှ အရာရှိပိုင်းအပါအဝင် အလောင်း ၇၀ ဝန်းကျင်နှင့် လက်နက်ခဲယမ်းအမြောက်အမြား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ထို့ပြင် စစ်ရေးအထိနာလာသဖြင့် ရေတပ်စခန်းရှိ အရာရှိပိုင်းနှင့် မိသားစုဝင်အချို့ကို ဓညဝတီရေတပ်ဌာနချုပ်နှင့် မြို့ပေါ်တပ်ရင်းများဆီ စက်လှေများဖြင့် ရွှေ့ပြောင်းနေရပြီဖြစ်သည်။
စစ်ကော်မရှင်တပ်သည် အဆိုပါရေတပ်စခန်းမှတစ်ဆင့် ရမ်းဗြဲလမ်းဆုံ၊ စနဲမြို့နှင့် ရမ်းဗြဲဘက်သို့ ထိုးစစ်ဆင်ရန် ကြိုးပမ်းခဲ့သော်လည်း AA ၏ တန်ပြန်ထိုးစစ်ကြောင့် ရေတပ်စခန်းအတွင်းသို့ ပြန်လည်ဆုတ်ခွာခဲ့ရခြင်း ဖြစ်သည်။
ရက္ခိုင်ပြည်ရှိ လက်ကျန်မြို့နယ်များဖြစ်သော ကျောက်ဖြူ၊ စစ်တွေနှင့် မာန်အောင်မြို့နယ်တို့ကို အပြီးသတ်သိမ်းပိုက်ရန် ရည်မှန်းထားသည့် AA သည် လက်ရှိတွင် ကျောက်ဖြူနှင့် စစ်တွေမြို့နယ်တို့၌ တပြိုင်နက်တည်း စစ်ရေးအရှိန်မြှင့်လုပ်ဆောင်နေခြင်းဖြစ်သည်။
လက်ရှိတွင် စစ်တပ်က ဒရုန်းနှင့် ဂျိုင်ရိုကော်ပတာများသုံးကာ အနီးဝန်းကျင် ကျေးရွာများကို လေကြောင်းမှ တိုက်ခိုက်နေသဖြင့် ဒေသခံရွာသားအချို့ ဘေးလွတ်ရာ တိမ်းရှောင်နေရပြီး အချို့မှာ ပိတ်မိနေသေးကြောင်း သိရသည်။