သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မင်းပြားမြို့နယ်၊ င/တန်ပျင်းရွာ ဘုန်း​​ကြီးကျောင်း ဝိဝါဒါအဓိကရုဏ်းအား ဗဟိုသံဃာ့ဆုံးဖြတ်ချက်အတိုင်း ဝိုင်းဝန်းဖြေရှင်ပေးရန် အုပ်ချုပ်‌ရေးပိုင်းကို သံဃာတော်များ တောင်းဆို

AB News – မေ ၂၉၊ ၂၀၂၆

ရက္ခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ င/တန်ပျင်းကျေးရွာ ဘုန်းကြီးကျောင်းတွင် ဖြစ်ပွားနေသည့် ငါးနှစ်ခန့်ကြာ ဘုန်းကြီကျောင်း ပြဿနာအား ဗဟိုသံဃာ့အကျိုးဆောင်အဖွဲ့၏ ဆုံးဖြတ်ချက်ကို ရပ်ရွာရေရှည်တည်ငြိမ်အေးချမ်းရေးအတွက် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၏ အုပ်ချုပ်ရေးပိုင်း အနေဖြင့် ဝိုင်းဝန်းကူညီ ဖြေရှင်းပေးရန် မင်းပြားမြို့နယ်ရှိ သံဃာတော်များက တောင်းဆိုနေကြသည်။

င/တန်ပျင်းကျေးရွာ ဘုန်းကြီးကျောင်းတွင် သီတင်းသုံးခဲ့သော ကျောင်းထိုင်ဆရာတော်ကြီးသည် ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ်က ပျံလွန်တော်မူသွားခဲ့သည်။ ယင်းနောက် လက်ရှိကျောင်းထိုင်ဆရာတော် ဦးဧသိကသည် ပျံလွန်တော်မူသွားသော ဆရာတော်ကြီး၏ ရုပ်ကလာပ်တော်ကို ၂ နှစ်တိုင်တိုင် တာဝန်ယူစောင့်ရှောက်ခဲ့သည့်အပြင် ကျေးရွာဖွံ့ဖြိုးရေးအတွက် လမ်းတံတားများနှင့် သောက်ရေကန်များကို ပြုပြင်ပေးခြင်း စသည့် သာသနာပြုလုပ်ငန်းများကို လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

ထို့ကြောင့် ရပ်သူရွာသားအများစုက ကြည်ညိုသဖြင့် သက်ဆိုင်ရာ ဂိုဏ်းချုပ်ဆရာတော်ကြီးကိုယ်တိုင် ယင်းကျောင်းအား တရားဝင်အပ်နှံ (ကျောင်းချ) ပေးခဲ့ခြင်းဖြစ်သည်။

သို့သော် အဆိုပါ ခန့်အပ်မှုအပေါ် မလိုလားသည့် လူတစ်စုက ကန့်ကွက်ကာ သံဃာ့အဖွဲ့အစည်းအဆင့်ဆင့်သို့ တိုင်ကြားခဲ့ရာမှ သာသနာရေးဆိုင်ရာ အငြင်းပွားမှု ငါးနှစ်ခန့် ကြာမြင့်လာခဲ့ခြင်း ဖြစ်သည်။

အဆိုပါအမှုကို ဗဟိုသံဃာ့အကျိုးဆောင်အဖွဲ့မှ အဆင့်ဆင့် အကြိမ်ကြိမ် စစ်ဆေးညှိနှိုင်းခဲ့ပြီးနောက် လက်ရှိကျောင်းထိုင်ဘုန်းကြီးတွင် ဝိနည်းဆိုင်ရာ အပြစ်အနာဆာတစ်စုံတစ်ရာ မရှိသည့်အတွက် မင်းပြားမြို့နယ်၊ ကြိမ်ချောင်းကျေးရွာမှ ဂိုဏ်းချုပ်ဆရာတော်ကြီးကိုယ်တိုင် ချပေးထားမှုကို အတည်ပြုကာ ပြီးခဲ့သည့် ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ ၁၉ ရက်နေ့တွင် ဗဟိုသံဃာ့အကျိုးဆောင်အဖွဲ့က လက်ရှိဆရာတော်အား ဝိနည်းတရားတော်နှင့်အညီ အနိုင်ပေးရန် အတည်ပြုဆုံးဖြတ်ခဲ့သည်။

လက်ရှိတွင် အဆိုပါဆရာတော်အား ကိုးကွယ်သည့် အိမ်ထောင်စု ၂၄၅ စု ရှိပြီး၊ မကိုးကွယ်သည့် အိမ်ထောင်စုမှာ ၇၀ ခန့် ရှိသည်။ သို့သော်လည်း ယင်းဆုံးဖြတ်ချက်အပေါ် အမြင်မတူသည့် ဘက်က လိုက်နာရန် အခက်အခဲရှိနေပြီး၊ ဖေဖော်ဝါရီ ၂၇ ရက်နေ့တွင် “ကျောင်းခြံထက်ဝက် ပိုင်ဆိုင်သည်” ဟု ဆိုကာ ဘုန်းကြီးကျောင်းဝင်းအား ပိုင်းဖြတ်၍ ခြံစည်းရိုး (​ဒေသအ​ခေါ်  တပ်) ကာရံခဲ့သည့်အတွက် ကျေးရွာအတွင်း တင်းမာမှုများ ရှိလာခဲ့သည်။

ယင်းကိစ္စနှင့် ပတ်သက်၍ ပိုင်နက်ကျူးကျော်ခြင်းမပြုရန် ဗဟိုသံဃာ့အဖွဲ့မှ စာဖြင့် အကြိမ်ကြိမ် ဟန့်တားနှိုးဆော်ခဲ့ကြောင်း သိရသည်။

အဆိုပါ သာသနာရေးအငြင်းပွားမှုကို အုပ်ချုပ်ရေးပိုင်းသို့ တိုင်ကြားခဲ့ရာတွင် မင်းပြားမြို့နယ် အုပ်ချုပ်ရေးဌာနက ယင်းပြဿနာသည် သာသနာ့လုပ်ထုံးလုပ်နည်းဆိုင်ရာ ကိစ္စရပ်ဖြစ်ခြင်းကြောင့် သက်ဆိုင်ရာ တရားရုံး သို့မဟုတ် ဆုံးဖြတ်ချက်ချမှတ်ခဲ့သည့် ဗဟိုသံဃာ့အကျိုးဆောင်အဖွဲ့သို့သာ ပြန်လည်တင်ပြရန် လုပ်ထုံးလုပ်နည်းနှင့်အညီ စနစ်တကျ လမ်းညွှန်အကြောင်းပြန်ခဲ့သည်။

သို့သော်လည်း သံဃာ့အဖွဲ့အစည်းတွင် တရားသဘောအရ ဆုံးဖြတ်ပိုင်ခွင့်ရှိသော်လည်း လက်တွေ့နယ်မြေတွင် စည်းကမ်းတကျ ဖြစ်စေရန်အတွက် အုပ်ချုပ်ရေးပိုင်း၏ ပူးပေါင်းပါဝင်မှု လိုအပ်နေခြင်းကြောင့် ရွာသားများက အစိုးရထံ ဆက်လက်အကူအညီတောင်းခံနေခြင်း ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် အငြင်းပွားမှု ကြာမြင့်လာသည်နှင့်အမျှ ရွာသားအချင်းချင်း စိတ်ဝမ်းကွဲပြားပြီး မလိုလားအပ်သည့် ပဋိပက္ခများ ကြီးထွားလာမည်ကို ဒေသခံများက စိုးရိမ်နေကြသည်။

ဆရာတော်တစ်ပါးက “ဒီပြဿနာဟာ သံဃာ့အဖွဲ့အစည်းက တရားသဘောအရ ရှင်းရှင်းလင်းလင်း ဆုံးဖြတ်ပေးထားပြီးသား ဖြစ်ပါတယ်။ ဒါပေမဲ့ လက်တွေ့အကောင်အထည်ဖော်တဲ့နေရာမှာ အစိုးရဘက်က အုပ်ချုပ်ရေးအာဏာနဲ့ ဝိုင်းဝန်းထိန်းကျောင်း ကူညီပေးမှသာ ရေရှည်မှာ ပြေလည်သွားမှာ ဖြစ်ပါတယ်။ ရွာသားအချင်းချင်း ကြားထဲမှာ မလိုလားအပ်တဲ့ တင်းမာမှုတွေ မဖြစ်ရအောင် ဗဟိုသံဃာ့အဖွဲ့ရဲ့ ဆုံးဖြတ်ချက်အတိုင်း ဖြစ်မြောက်ဖို့ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရအနေနဲ့ ဥပဒေနဲ့အညီ ဝိုင်းဝန်းကူညီ ဖြေရှင်းပေးစေလိုပါတယ်။ ရွာသားတွေအနေနဲ့လည်း ခြံစည်းရိုးတွေကာထားတာကို ဖြုတ်စေလိုပါတယ်” ဟု မိန့်ကြားခဲ့သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ