AB News – မေ ၂၇၊ ၂၀၂၆
ရက္ခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ စနဲမြို့ကို စစ်ကော်မရှင်တပ်က ပြီးခဲ့သည့် မေလ ၂၆ ရက်နေ့က ဒရုန်းတိုက်ခိုက်မှုအပါအဝင် ရေတပ်နေဗီများမှ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်ခဲ့သည့်အတွက် ဒေသခံ သက်ကြီးရွယ်အို အမျိုးသား ၁ ဦး သေဆုံးသွားခဲ့ပြီး ဈေးဆိုင်ခန်း ၇၀ နှင့် ပြည်သူပိုင်နေအိမ် ၁၄ လုံး မီးလောင်ပျက်စီးသွားခဲ့ကြောင်း သိရသည်။
သေဆုံးခဲ့သူမှာ စနဲမြို့၊ အလယ်ပိုင်းရပ်ကွက်မှ အသက် ၇၈ နှစ်အရွယ် ဦးမောင်ရွှေစိန်ဖြစ်ပြီး ၎င်းသည် စစ်တပ်၏ အကြမ်းဖက်တိုက်ခိုက်မှုအတွင်း ပြင်းထန်ဒဏ်ရာရရှိခဲ့သည့်အတွက်ကြောင့် ဆေးဝါးကုသမှုခံယူရန် သွားသောလမ်းတွင် သေဆုံးသွားခဲ့ခြင်းဖြစ်သည်။
စစ်ကော်မရှင်တပ်သည် ယမန်နေ့ မေလ ၂၆ ရက်၊ နေ့လည် ၂ နာရီခွဲအချိန်မှ ညနေ ၈ နာရီခွဲအချိန်ထိ တောင်ငူစုရပ်ကွက်၊ ကံပြင်စုရပ်ကွက်နှင့် ရွှေဟင်္သာရပ်ကွက်တို့ကို ရေကြောင်း၊ လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ကျောက်ဖြူအခြေစိုက်၊ တောင်မော်ကြီးရေတပ်မှ တိုက်ခိုက်ရေးဒရုန်းများဖြင့် စနဲမြို့ပေါ်ကို ကြဲချတိုက်ခိုက်ခဲ့သည့်အပြင် ကုလားမကျွန်းနှင့် ဖရုံကျွန်းအနီးရှိ ရေတပ်နေဗီများမှလည်း လက်နက်ကြီးကျည်အလုံး ၃၀ ခန့်ဖြင့် စနဲမြို့ပေါ်ကို ပစ်ခတ်တိုက်ခိုက်ခဲ့သည့်အတွက် ပြည်သူတစ်ဦးသေဆုံးသွားပြီး ဈေးဆိုင်ခန်းများနှင့် နေအိမ်အများအပြား မီးလောင်ပျက်စီးသွားခဲ့ရခြင်းဖြစ်သည်။
အလားတူ ပြီးခဲ့သည့် မေလ ၁၉ ရက်နေ့ကလည်း စနဲမြို့၊ ရွှေဟင်္သာရပ်ကွက်ကို စစ်ကော်မရှင်တပ်က ဂျက်ဖိုက်တာ ၄ စီးနှင့် Y-20 လေယာဉ် ၁ စီးအသုံးပြုကာ ဗုံးကြဲတိုက်ခိုက်ခဲ့၍ ပြည်သူပိုင်နေအိမ် ၆၀ ခန့် (ရပ်ကွက်တစ်ခုလုံးနီးပါး) မီးလောင်ပြာကျကာ ပျက်စီးဆုံးရှုံးခဲ့ရသည်။
ကျောက်ဖြူမြို့နယ်အတွင်းရှိ စနဲမြို့သည် အာရက္ခတပ်တော် (AA) က ထိန်းချုပ်စိုးမိုးထားသည့် နယ်မြေတစ်ခုဖြစ်ပြီး စစ်ကော်မရှင်တပ်က ၎င်းတို့လက်လွှတ်လိုက်ရသည့် နယ်မြေများကို ပြန်လည်ရရှိရန်နှင့် စစ်ရေးအရ တန်ပြန်သက်ရောက်မှုရှိစေရန်အတွက် အခြေစိုက်ရေတပ်စခန်းများနှင့် လေကြောင်းအင်အားကို အဓိကအသုံးပြုကာ စဉ်ဆက်မပြတ် ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်လျက်ရှိသည်။
အထူးသဖြင့် ကျောက်ဖြူမြို့နယ်အတွင်းရှိ ကုလားမကျွန်းနှင့် ဖရုံကျွန်းအနီးတွင် စစ်ကော်မရှင်၏ ရေတပ်နေဗီသင်္ဘောများ စစ်ရေးလှုပ်ရှားလျက်ရှိပြီး ယင်းနေရာများမှတစ်ဆင့် အရပ်သားပြည်သူများ နေထိုင်ရာ ကျေးရွာများနှင့် မြို့ပေါ်ရပ်ကွက်များသို့ လက်နက်ကြီးများဖြင့် မကြာခဏ ရမ်းသန်းပစ်ခတ်လေ့ရှိသည်။
ထို့အပြင် မကြာသေးမီကလည်း ကျောက်ဖြူရေနက်ဆိပ်ကမ်း စီမံကိန်းများနှင့် နီးစပ်သည့် နယ်မြေများအပါအဝင် ကျောက်ဖြူတစ်ခွင်တွင် စစ်ရေးတင်းမာမှုများ မြင့်တက်နေပြီး၊ စစ်ကော်မရှင်တပ်၏ လေကြောင်းနှင့် ရေတပ်ပစ်ခတ်မှုများကြောင့် ဒေသခံအရပ်သားများ ထိခိုက်သေဆုံးမှုနှင့် အိုးအိမ်စွန့်ခွာထွက်ပြေးရမှုများ နေ့စဉ်နှင့်အမျှ တိုးပွားလျက်ရှိကြောင်း သိရသည်။




