သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ချင်းပြည်သူ့အစည်းအရုံး(CPU) ကိုယ်စားလှယ်အဖွဲ့ အာရက္ခဒေသသို့ လာရောက်ပြီး ULA/AA နှင့် တွေ့ဆုံဆွေးနွေး

AB News – ဧပြီ ၂၁၊ ၂၀၂၆

ချင်းပြည်သူ့အစည်းအရုံး(CPU) ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်များသည် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်(ULA) ၏ ဖိတ်ကြားချက်အရ အာရက္ခဒေသသို့ ချစ်ကြည်ရေးခရီးအဖြစ် လာရောက်ခဲ့ပြီး နှစ်ဖက်ခေါင်းဆောင်များအကြား ရှေ့လုပ်ငန်းစဉ်များအတွက် အောင်မြင်စွာ ဆွေးနွေးနိုင်ခဲ့ကြောင်း သိရသည်။

ယမန်နေ့ (ဧပြီလ ၂၀ ရက်) က ထုတ်ပြန်သည့် ချင်းပြည်သူ့အစည်းအရုံး/ချင်းပြည်သူ့တပ်မတော်(CPU/CPA) ၏ သတင်းထုတ်ပြန်ချက်အရ အဆိုပါခရီးစဉ်ကို ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်းက သွားရောက်ခဲ့ခြင်း ဖြစ်သည်။

အာရက္ခတပ်တော် တပ်မှူးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ဦးဆောင်သည့် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် ခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြပြီး နှစ်ပတ်ခန့် ကြာမြင့်ခဲ့ကြောင်း သိရှိရသည်။

တွေ့ဆုံဆွေးနွေးမှုအတွင်း လက်ရှိဖြစ်ပေါ်နေသော နွေဦးတော်လှန်ရေး၏ တိုးတက်မှုအခြေအနေများကို အမြင်ချင်းဖလှယ်ခဲ့ကြသကဲ့သို့ ချင်းပြည်သူလူထုနှင့် အာရက္ခပြည်သူများအကြား အိမ်နီးချင်းကောင်း ပီသစွာဖြင့် ရေရှည်အပြန်အလှန် အကျိုးပြုနိုင်ရေး ကိစ္စရပ်များကို အဓိကထား တိုင်ပင်ခဲ့ကြသည်။

ထို့ပြင် နောင်တွင် နှစ်ဖက်ပူးတွဲ လုပ်ဆောင်သွားမည့် ရှေ့လုပ်ငန်းစဉ်များကိုလည်း အခိုင်အမာ ချမှတ်နိုင်ခဲ့ကြောင်း ဖော်ပြထားသည်။

ခရီးစဉ်အတွင်း ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်က ချင်းကိုယ်စားလှယ်အဖွဲ့ကို နွေးထွေးစွာ ကြိုဆိုခဲ့ပြီး အာရက္ခဒေသအတွင်းရှိ အထင်ကရ နေရာများကိုလည်း လိုက်လံပြသခဲ့သည်။

ချင်းပြည်သူ့အစည်းအရုံးက ဤခရီးစဉ်သည် ၎င်းတို့၏ တပ်မတော်အတွက် လေ့လာသင်ယူစရာများစွာ ရရှိခဲ့ပြီး အလွန်တရာ အကျိုးရှိသည့် ခရီးစဉ်ဖြစ်ခဲ့ကြောင်းနှင့် ULA အပေါ် အထူးကျေးဇူးတင်ရှိကြောင်း ထည့်သွင်းပြောကြားထားသည်။

ဤကဲ့သို့ တရားဝင်ထုတ်ပြန်ချက်များ ထွက်ပေါ်လာခြင်းက နှစ်ဖက်အဖွဲ့အစည်းများအကြား ယုံကြည်မှု တည်ဆောက်နိုင်ခြင်းကို ပြသနေပြီး ဒေသတွင်း တည်ငြိမ်အေးချမ်းရေးအတွက် အလားအလာကောင်းတစ်ခု လည်းဖြစ်သည်။

ဓာတ်ပုံ – ချင်းပြည်သူ့အစည်းအရုံး/ချင်းပြည်သူ့တပ်မတော်

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ