သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မြောက်ဦး၊ ကျောက်ဆည်ပြင်ရွာ ဘုန်းကြီးကျောင်းကို စစ်ကော်မရှင် ၂ ကြိမ်တိုင် ဗုံးကြဲတိုက်ခိုက်၊ ကိုရင်ငယ်များအပါအဝင် ဒေသခံ ၁၄ ဦး ဒဏ်ရာရ

AB News – ဧပြီလ ၁၉၊ ၂၀၂၆
ဒေဝီ

ရက္ခိုင်ပြည် ၊ မြောက်ဦးမြို့နယ်၊ ကျောက်ဆည်ပြင်ကျေးရွာရှိ ဘုန်းကြီးကျောင်းသို့ ယနေ့ ဧပြီလ ၁၉ ရက်၊ နံနက်ပိုင်းတွင် စစ်ကော်မရှင်တပ်က လေကြောင်းအသုံးပြု၍ ၂ ကြိမ်တိုင်တိုင် ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် ကိုရင်ငယ်များအပါအဝင် ဒေသခံ ၁၄ ဦး ထိခိုက်ဒဏ်ရာရရှိကာ နွား ၆ ကောင် သေဆုံးသွားကြောင်း သိရသည်။

ယနေ့ နံနက် ၁၀ နာရီခန့်တွင် စစ်ကော်မရှင်၏ ဂျက်ဖိုက်တာတစ်စီးသည် ကျောက်ဆည်ပြင်ကျေးရွာသို့ ဗုံး ၂ လုံး ကြဲချခဲ့ရာ ကျေးရွာအနီးရှိ ကွင်းပြင်နှင့် မြောင်းထဲသို့ ကျရောက်ပေါက်ကွဲခဲ့သည်။

ထိုသို့ ပထမအကြိမ် ဗုံးကြဲပြီးနောက် ၁၅ မိနစ်ခန့်အကြာတွင် ဒုတိယအကြိမ် ထပ်မံရောက်ရှိလာပြီး ဗုံး ၃ လုံး ထပ်မံကြဲချခဲ့ခြင်း ဖြစ်သည်။

ဒုတိယအကြိမ် တိုက်ခိုက်မှုတွင် ဗုံးသီးများသည် ဘုန်းကြီးကျောင်းရှေ့ မြောင်းထဲသို့ တစ်လုံး၊ ခြံစည်းရိုးဘေးတွင် တစ်လုံးနှင့် ဘုန်းကြီးကျောင်းပေါ်သို့ တစ်လုံး တိုက်ရိုက်ကျရောက် ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ဆိုသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ကျောက်ဆည်ပြင်ရွာသားတစ်ဦးက “ပထမတစ်ခေါက်လာကြဲတော့ ကွင်းပြင်ထဲကျတာဆိုတော့ လူတွေက သိပ်မထိတ်လန့်သေးဘူး။ ၁၅ မိနစ်လောက်နေတော့ နောက်တစ်ခေါက် ထပ်လာပြန်တယ်။ အဲ့ဒီမှာ ဘုန်းကြီးကျောင်းကို တိုက်ရိုက်ပစ်မှတ်ထားပြီး ကြဲသွားတာ။ ကျောင်းပေါ်ကိုလည်း တစ်လုံးကျတယ်၊ ကျောင်းရှေ့မြောင်းထဲလည်း တစ်လုံးကျတယ်။ ရွာသားတွေလည်း ပြေးလွှားနေကြရတာ ၁၄ ယောက်တောင် ဒဏ်ရာရသွားတယ်” ဟု AB News သို့ ပြောသည်။

အဆိုပါ လေကြောင်းတိုက်ခိုက်မှုကြောင့် ကျေးရွာသား ၁၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည့်အပြင် ဒေသခံများ မွေးမြူထားသည့် နွား ၆ ကောင်လည်း သေဆုံးသွားခဲ့ရကာ ဘုန်းကြီးကျောင်းဆောင်နှင့် အနီးအနားရှိ နေအိမ်အချို့လည်း ထိခိုက်ပျက်စီးမှုများ ရှိခဲ့သည်။

ရက္ခိုင်ပြည်ရှိ ပုဏ္ဏားကျွန်းနှင့် မြောက်ဦးမြို့နယ်တို့ကို စစ်ကော်မရှင်တပ်က ယနေ့ ဧပြီလ ၁၉ ရက်နေ့တွင် လေကြောင်းမှ တစ်ပြိုင်နက်တည်း ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယနေ့ နံနက် ၁၀ နာရီကျော်အချိန်တွင် စစ်ကော်မရှင်တပ်က ပုဏ္ဏားကျွန်းမြို့ကို ဗုံးကြဲတိုက်ခိုက်ခဲ့ရာ နတလကျောင်း၊ ဓာတ်အားခွဲစက်ရုံနှင့် အမြန်လမ်းမကြီး ထိခိုက်ပျက်စီးခဲ့ရသည်။

စစ်ကော်မရှင်သည် ရက္ခိုင်ပြည်အတွင်းရှိ စစ်ရေးနှင့် မသက်ဆိုင်သည့် အရပ်သားနေထိုင်ရာ ကျေးရွာများနှင့် ဘာသာရေးအဆောက်အအုံများကို လေကြောင်းအသုံးပြုကာ ဆက်တိုက်ပစ်မှတ်ထား တိုက်ခိုက်လျက်ရှိသည်။

ပုံစာ – ယနေ့ ဧပြီလ ၁၉ ရက်နေ့တွင် စစ်ကော်မရှင်လေတပ်က မြောက်ဦးမြို့နယ်၊ ကျောက်ဆည်ပြင်ကျေးရွာကို လေကြောင်းတိုက်ခိုက်ခဲ့၍ ထိခိုက်ပျက်စီးခဲ့သည်ကို မြင်တွေ့ရခြင်း။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ