
AB News – ဆောင်းပါး
ဇော်သိုက်- ရေးသည်။
ဤဆောင်းပါးသည် ခေတ်သစ် ရက္ခိုင်ပြည်တော်လှန်းရေးပြေးလမ်းပေါ်က အာရက္ခတပ်တော်၏ ယခင်နှင့် ယခု ထင်ရှားသည့် တိုက်ပွဲများအကြောင်းကို စုဆောင်းထားသည့် မှတ်တမ်းမှတ်ရာများ ဖြစ်သည်။ ယနေ့ အာရက္ခတပ်တော်သည် မြန်မာနိုင်ငံရှိ EROs အဖွဲ့များထဲတွင် နယ်မြေပိုင်စိုးမှု အများဆုံးနှင့် စစ်ကောင်စီတပ်ကို အခြိမ်းခြောက်နိုင်ဆုံးအဖွဲ့အဖြစ် ရပ်တည်နေခြင်းကို မည်သူမျှ ငြင်းမရနိုင်ပေ။
ရက္ခိုင်ပြည်တနံတလျားနှင့် ချင်းပြည်၊ ဗမာပြည်မအထိ ထိုးဖောက်နိုင်သည့် အာရက္ခတပ်သည် တော်လှန်ရေး သက်တမ်း ၁၇ နှစ်ပြည့်ပြီး ဖြစ်သည်။ သို့သော် အာရက္ခတပ်တော်သည် ရက္ခိုင်ပြည်၌ တိုက်ပွဲ ဖော်လာသည်မှာ ၁၀ နှစ် မပြည့်သေးပေ။ NLD အစိုးရလက်ထက် သမ္မတရုံး ပြောခွင့်ရသူ
ဦးဇော်ဌေး (ကွယ်လွန်)က AA ကို ဓါးပြ အဆင့်သာရှိကြောင်း နှိမ့်ချပြောဆိုခဲ့ဖူး၏။
AA ကို ၂၀၀၉ ခုနှစ်တွင် ကချင်ပြည် KIA ထိန်းချုပ်ရာ လိုင်ဇာတွင်တည်ထောင်ပြီးနောက် လက်နက်အင်အား၊ လူအင်အားစုဆောင်းပြီး တရွေ့ရွေ့နှင့် ရက္ခိုင်ပြည်ထဲကို စိမ့်ဝင်လာသည်။ ၂၀၁၅ တွင် ပလက်ဝမြို့နယ်မှ စတင်၍ သေနတ်စဖောက် အသိပေး၏။ ယင်းမှတဆင့် မြောက်ဦး ရမ်းချောင်းဒေသ၊ ပုဏ္ဏားကျွန်း ဩရမ၊ လောရမ စသည့်ဒေသများတွင် ကြိုကြားကြိုကြား တိုက်ပွဲခေါ်သည်။
၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာမှသည် ၂၀၁၉၊ ၂၀၂၀ အထိ ပြင်းထန်လှသော တိုက်ပွဲများဖြင့် ခရီးဆက်သည်။ ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာတွင် ရွေးကောက်ပွဲ အကြောင်းပြပြီး နှစ်ဘက် နားလည်မှုနှင့်အတူ ဂျပန်ကိုယ်စားလှယ် မစ္စတာဆာဆာ ကာဝါ၏ ဖြန်ဖျယ်မှုဖြင့် ခေတ္တ အပစ်ရပ်နားသည်။ ခဏငြိမ်သက်ရာကနေ ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလက စတင်ပြီး မောင်တောမြောက်ပိုင်းတွင် တိုက်ပွဲများ ပြန်စသည်။ သို့သော် လူသားချင်းစာနာမှုဆိုင်ရာ အပစ်ခတ်ရပ်စဲရေး( Humanitarian ceasefire ) တစ်ခုတည်းဖြင့် ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၂၆ တွင် မစ္စတာဆာဆာကာဝါ ကြားဝင်မှုဖြင့် ထပ်မံအပစ်ရပ်နားပြန်၏။ ယင်းနောက် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၃ ကနေ ယနေ့အထိ ကြီးမားပြင်းထန်သော တိုက်ပွဲများ မနားတမ်းရှိနေသည်။
ရက္ခိုင်ပြည်လွတ်မြောက်လိုစိတ်ကို သန္ဓေတည်ပြီး အသက်နှင့် ဘဝများ စတေးကြရသည့် တိုက်ပွဲဟူသည် ကြီးငယ် မရွေး အားလုံးအရေးပါသော်လည်း ယင်းအထဲက အာရက္ခတပ်တော်အတွက် ထင်ရှားသည်ဆိုသည်ထက် ထူးခြားသည့် အကြောင်းအရာများကို ဖော်ပြလိုခြင်းဖြစ်၏။ တစ်နည်းအားဖြင့် မြန်မာစစ်တပ် သို့မဟုတ် စစ်ကောင်စီတပ်၏ ကြည်း၊ ရေ၊
လေ အင်အားသုံးတိုက်ခိုက်ခဲ့ကြသည့် ကြားကနေ အာရက္ခစစ်သည်တို့၏ စွန့်စားတိုက်ခိုက်ခဲ့သည့် အောင်ပွဲများကိုလည်း ယခုဆောင်းပါးတွင် တွေ့မြင်ရမည်။
ဤဆောင်းပါးတွင်၂၀၁၈ နှစ်ကုန်ကနေ၂၀၂၂ ခုနှစ်အထိ ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကို
အာရက္ခတပ်တော်၏ တော်လှန်ရေး ပထမပိုင်းနှင့် ယခု ၂၀၂၃ ခုနှစ်မှ ၂၀၂၆ နှစ် ကုန်အချိန်ထိ
တိုက်ပွဲများကို တော်လှန်ရေး ဒုတိယပိုင်းဟု သတ်မှတ်ကာ တိုက်ပွဲဖြစ်စဉ်များကို
စုစည်းထားခြင်းဖြစ်ပေသည်။
၂၀၁၄ ခုနှစ်က စပြီး KIA ထိန်းချုပ်ရာ ကချင်ပြည်နယ် လိုင်ဇာကနေ ပြည်တော်ပြန်လာကြသည့် အာရက္ခစစ်သည်များသည် ၂၀၁၆၊ ၂၀၁၇ နှစ်များတွင် ပလက်ဝဒေသ၊ ပုဏ္ဏားကျွန်း တောဖျားချောင်းဒေသ နတ်သရွေး၊ သြရမ၊ လောရမ၊ ကျောက်တော် ယိုးချောင်းအထက်ပိုင်း၊ မြောက်ဦးမြို့နယ်ရှိ ရမ်းချောင်းဒေသတို့တွင် တိုက်ပွဲငယ်များဖြင့် အစပြုသည်။
ထို့နောက်၂၀၁၈ နှစ်ကုန်ပိုင်းကနေ ၂၀၂၀ အထိ ကျောက်တော်၊ မြောက်ဦး၊ ပုဏ္ဏားကျွန်း၊ ဘူးသီးတောင်၊ မင်းပြား၊ အမ်း၊ မြေပုံစသည့် မြောက်ပိုင်းတခွင် ဖြန့်ကျက်ကာ စစ်တပ်နှင့် အပြင်းထန်ဆုံးသော တိုက်ပွဲများဖြစ်လာသည်။ ယင်းအထဲက ထင်ရှားသည့် တိုက်ပွဲများမှာ မီးဝတိုက်ပွဲ၊ ဗုဒ္ဓေါတိုက်ပွဲ၊ အောင်သာစည်တိုက်ပွဲ၊ တိုင်းဗဟို ၉ တိုက်ပွဲများမှာ ထင်ရှားသည်။
ထို့အတူ ၁၀၂၇ စစ်ဆင်ရေးနှင့် ချိတ်ဆက်ကာ အာရက္ခတပ်တော်သည် ရခိုင်ပြည်သိမ်းတိုက်ပွဲကြီး စတင်ခဲ့သည့် ၂၀၂၃ ခုနှစ် နိုဝင်ဘာကနေ ယနေ့အချိန်ထိ စခန်းကြီးငယ်၊ တပ်ရင်း၊ တပ်မ၊ ဌာနချုပ်ရာနှင့်ချီကို တိုက်ခိုက်ခဲ့ပြီး မြို့သိမ်း၊ ပြည်သိမ်းတိုက်ပွဲကြီး၌ အောင်ပွဲအလီလီ ခွတ်ခူးယူဆောင်ခဲ့သည်။ ယင်းအထဲက ပလက်ဝ၊ ပေါက်တော၊ ကျောက်တော်၊ မြောက်ဦး၊ ရမ်းဗြဲ၊ ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ အမ်း၊ ကျောက်ဖြူ၊ နတ်ရေကန်၊ စစ်တွေတိုက်ပွဲနှင့် ပဲခူးနယ်စပ်၊ ဧရာဝတီစစ်မျက်နှာ စသည့် တိုက်ပွဲများ အကြောင်းကို ထင်ရှားသည့် တိုက်ပွဲများအဖြစ် တင်ပြသွားမည်။
ဗုဒ္ဓေါတိုက်ပွဲ
ဘဲငါးရာတောင်တန်းနှင့် တစ်ဆက်တည်းရှိနေသည့် ဗုဒ္ဓေါတောင်တန်းသည် ပုဏ္ဏားကျွန်းမြို့နယ်နှင့် ကျောက်တော်မြို့နယ်အစပ်တွင် တည်ရှိသည်။ စစ်တပ်သည် ဗုဒ္ဓေါကျေးရွာ၏ အနောက်ဘက် ဆနွင်းတောင်ပေါ် ဗျူဟာစွဲရန် ကြိုးစားရာကနေ စတင်သည်။
အဆိုပါ နေရာသည် ပုဏ္ဏားကျွန်မြို့နယ်နှင့် ကျောက်တော်မြို့နယ် အစပ်ဖြစ်ပြီး အနောက်ဘက်တွင် ပုဏ္ဏားကျွန်း မြို့နယ် တောဖျားချောင်းခြားပြီး ဩရမတောင်တန်းနှင့် ရသေ့တောင်မြို့နယ်ရှိသည်။ အရှေ့ဘက်တွင် ရန်ကုန်- စစ်တွေ ကားလမ်း မကြီးကပ်လျက် ယိုးချောင်းကမ်းခြေရှိသည်။
ထို့ကြောင့် မဟာဗျူဟာအရ အရေးပါသည့် ယင်းနေရာသည် ပထဝီမြေပြင် နယ်မြေစိုးမိုးမှု
အားကောင်းသည့် နေရာတစ်ခုဖြစ်သည်။ အာရက္ခတပ်တော်၏ လှုပ်ရှားတပ်ရင်းတစ်ခုကို
ဗုဒ္ဓေါတောင်တန်းတွင် မြန်မာစစ်တပ်သည် တောဖျားချောင်းဒေသ ဆင်သည်ကျေးရွာနှင့်
ကျောက်တော်မြို့နယ် ကန်စောက် (၅၃၉) တပ်ရင်းကနေ အင်အားအလုံးအရင်းဖြင့်
ပိတ်ဆို့တိုက်ခိုက်ရာမှ အပြန်အလှန် တိုက်ပွဲကြီးများ ဖြစ်လာသည်။ ၂၀၁၉ ခုနှစ်၊ မတ်လ ၇ ရက်ကနေ ၁၇ ရက်အထိ ၁၀ ရက်ကြာ တိုက်ပွဲပြင်းထန်ခဲ့သည်။ မြန်မာစစ်တပ်သည် နေ့ည မနားတမ်း ရဟတ်ယာဉ်၊ ဂျတ်တိုက်လေယာဉ်များဖြင့် အပြင်းအထန်တိုက်ခိုက်ခဲ့ရသည့် တိုက်ပွဲကြီးလည်း ဖြစ်သည်။
မြန်မာစစ်တပ်သည် ကန်စောက်တောင် အခြေစိုက် ခမရ ၅၃၉ တပ်ရင်းနှင့် အမြောက်တပ် ၃၇၇ တို့ ကနေ ၂၄ နာရီပတ်လုံး လက်နက်ကြီး ပစ်ကူပေးခဲ့ပြီး ဝေဟင်ကလည်း ဂျက်တိုက်လေယာဉ်၊ ရဟတ်ယာဉ်များဖြင့် အစွမ်းကုန်တိုက်ခိုက်ခဲ့သည်။
ဗုဒ္ဓေါတိုက်ပွဲသည် ရက္ခိုင်ပြည် စစ်မြေပြင်တွင် မြန်မာစစ်တပ်၏ ဂျက်တိုက်လေယာဉ်များကို
ပထမဆုံးအသုံးပြုခဲ့သည့် တိုက်ပွဲကြီးလည်းဖြစ်သည်။ တစ်နည်းအားဖြင့် ဗုဒ္ဓေါတိုက်ပွဲမှ စတင်၍ ရက္ခိုင်ပြည်သူတို့ ဂျက်တိုက် လေယာဉ်နှင့် စတင်တွေ့ကြုံခြင်းဟုလည်း ဆိုနိုင်သည်။
မီးဝတိုက်ပွဲ
မီးဝတိုက်ပွဲသည် ရက္ခိုင်ပြည်နှင့် ချင်းပြည်နယ်အစပ် ပလက်ဝမြို့နယ်နှင့် ကျောက်တော်မြို့နယ်တို့တွင် ဖြစ်ပွားခဲ့သော ရက်ပေါင်း ၄၀ ကျော်ကြာ တိုက်ပွဲကြီးဖြစ်သည်။ ကျောက်တော်မြို့နယ်၊ မီးဝကျေးကျေးရွာသည် ကျောက်တော်မြို့နှင့် မိုင် ၂၀ ခန့်အကွာ ပလက်ဝမြို့နယ်နှင့် နယ်ခြားမျဉ်းပေါ်တွင် တည်ရှိသည်။
မီးဝတိုက်ပွဲဟု ဆိုသော်လည်း ကျောက်တော်မြို့နယ်၊ မီးဝကျေးရွာနှင့် ပလက်ဝမြို့နယ်အစပ်တွင် ဖြစ်ခဲ့သည်။ မီးဝဗျူဟာကုန်းသည် ကုလားတန်မြစ်၏ မြစ်လက်တက် မီးချောင်းထဲ ပလက်ဝမြို့နယ်ထဲတွင် တည်ရှိသည်။
မီးချောင်းသည် ပလက်ဝမြို့နယ်၊ ဆမီးမြို့(သမိန်) အထိ ရေလမ်းခရီးပေါက်သည်။ ဆမီးမြို့သည် ပလက်ဝ – မတူပီ- မင်းတပ်- ဟာခါး လမ်းမကြီးပေါ်တွင်ရှိသည်။ ကုလားတန်မြစ်သည် ပလက်ဝနှင့် အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်အထိ ရေကြောင်းခရီးပေါက်သည်။
ထိုသို့ မဟာဗျူအရ အရေးပါသည့် မီးဝဗျူဟာကုန်းသည် ပလက်ဝဒေသနှင့် ချင်းပြည်မကြီးအထိ စိုးမိုးနိုင်ရန် ရေလမ်း၊ ကုန်းလမ်းစသည့် ဆက်သွယ်ရေးလမ်းကြောင်းများနှင့် အုပ်ချုပ်ရေးယန္တရား၊ လုံခြုံရေးတို့ တည်ဆောက်ရန် ရည်ရွယ်ချက်ဟု ဆိုနိုင်သည်။
တစ်နည်းအားဖြင့် မီးဝတိုက်ပွဲ၏ ရည်ရွယ်ချက်သည် ပလက်ဝမြို့နယ်ကို အုပ်ချုပ်ရေးစိုးမိုးရန်နှင့် အိန္ဒိယ၏ ကုလားတန်မြစ်ကြောင်း စီမံကိန်းတစ်စိတ်တစ်ပိုင်းကို အာဏာချိန်ခွင်ရှာ လုယူကြသည့် တိုက်ပွဲဟုလည်း ဆိုရမည်။
မီးဝတိုက်ပွဲဟု ဆိုသော်လည်း ကျောက်တော်မြို့နယ် တင်းမ(တောင်ရှည်တောင်)၊ ပြိုင်းတိုင်း၊
မုန့်သန်းပြင်တို့တွင် စစ်တပ်၏ ဗျူဟာကုန်းများ ရှိနေသည်။ ထို့အတူ ကာကင်းစခန်း ၂၀ ကျော်ဖြင့် ဝိုင်းရံထားသည်။ ယင်းစခန်းများကို အာရက္ခတပ်တော်က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
AA သည် မီးဝဗျူဟာကုန်းကြီးကို အကြိမ်ကြိမ် ဝိုင်းပတ်တိုက်ခိုက်ကာ ရေနှင့် ရိက္ခာဖြတ်တောက်ခြင်းများ လုပ်ခဲ့သဖြင့် စစ်တပ်သည် ကျောက်တော် တပ်မ (စကခ ၉) ကနေ ရဟတ်ယာဉ်များများဖြင့် အကြိမ်ကြိမ် ရိက္ခာ များ ပေးပို့ခဲ့ရသည်။ ထိုသို့ လေကြောင်း ပစ်ကူတိုက်ခိုက်ရေး ရဟတ်ယာဉ်များ လိုက်ပါ၍ တိုက်ခိုက်နေသည့်ကြားမှပင် AA အဖွဲ့က ပစ်ခတ်တိုက်ခိုက်သဖြင့် စစ်တပ်ရဟတ်ယာဉ်များကို ၁၀ ကြိမ် ထက်မနည်း ကျည်ထိမှန်ခဲ့ကြောင်း စစ်တပ် (တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့)က ထုတ်ပြန်ခဲ့သည်။
ထိုတိုက်ပွဲများသို့ ကျောက်တော်၊ စကခ ၉ မှ အင်အားအပြင် မင်းပြား၊ မြောက်ဦးတပ်ရင်းများမှ စစ်ကြောင်းများလည်း ကျောက်တော်-ပလက်ဝ ကားလမ်းကနေ အလုံးအရင်းနှင့် စစ်ကူပို့ပေးခဲ့ရသည်။
ယင်းတိုက်ပွဲအတွင်း ပဲခူးတိုင်း အခြေစိုက် တပ်မ ၇၇ လက်အောက်ခံ ခမရ ၇ ၏ တပ်ရင်းမှူး သက်နိုင်ဦး အပါဝင် စစ်တပ် အရာရှိနှင့် စစ်သည် စုစုပေါင်း ၃၆ ဦးကို AA အဖွဲ့က အရှင်ဖမ်းဆီးရမိခဲ့သည်။
ယင်းအချိန်က စစ်တပ် တပ်ရင်းမှူးနှင့် အုပ်စုကို ပထမဆုံးစတင် ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်သည်။ မီးဝတိုက်ပွဲသည် ၂၀၂၀ ခုနှစ်၊ ဖေဖော်ဝါရီလ ၅ ရက်တွင် စတင်၍ မတ်လ ၂၀ ရက်တွင် ပြီးဆုံးခဲ့သည်။ ရက်ပေါင်း ၄၅ ရက် ကြာမြင့်ခဲ့သည်။ နေ့ညမရွေး မနားတမ်းတိုက်ခိုက်ခဲ့ကြပြီး နှစ်ဖက်စလုံးက အကျအဆုံးများ ခဲ့ကြောင်း သိရသည်။
မီးဝတိုက်ပွဲအတွင်း တင်းမကြီး၊ တင်းမသစ်၊ ပြိုင်းတိုင်း၊ မုန့်သန်းပြင်၊ မာလာ စသည့်ကျေးရွာမျာမှ နေအိမ် ၇၀၀ ကျော်ကို စစ်တပ်က မီးရှို့ခဲ့ပြီး တင်းမနှင့် ပြိုင်းတိုင်းကျေးရွာမှ အရပ်သား၂၀ ထက်မနည်းကို စစ်တပ်က သတ်ဖြတ်ခဲ့သည်။ ကုလားတန်အထက်ပိုင်းက ကျောက်တော်နှင့် ပလက်ဝမြို့နယ် စိမ့်ညင်းဝ၊ နှမဒါစသည့်ကျေးရွာက ဒေသခံ ရွာပေါင်း ၂၀ ကျော်နေရပ်စွန့်ခွာခဲ့ကြရသည်။
မီးဝတိုက်ပွဲသည် ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ)နှင့် မြန်မာ့စစ်တပ်တို့ ၁၉၇၀ ခုနှစ်တွင်
ဖြစ်ပွားခဲ့သော တရုတ် နယ်စပ်က ကွမ်းလုံတိုက်ပွဲအပြီး နှစ် ၅၀ အကြာတွင် ထပ်မံဖြစ်ခဲ့သည့် အပြင်းထန်ဆုံးနှင့် အရှည်ကြာဆုံး တိုက်ပွဲကြီးတစ်ခုအဖြစ် မြန်မာ့သမိုင်းတွင် မှတ်တမ်းဝင်နေခဲ့သည်။
တိုင်းဗဟို ၉ (သို့မဟုတ်) ရက္ခိုင်ပြည်သိမ်းတိုက်ပွဲအတွက် အခြေခံစာမေးပွဲ
၂၀၂၀ ခုနှစ်၊ မတ်လ ၂၃ ရက်တွင် မင်းပြားမြို့နယ် ကမ်းနီကျေးရွာအနီးက တိုင်းဗဟို (၉)
တန်းမြင့်လေ့ကျင့်ရေးကျောင်းကို AA က ဝင်ရောက်တိုက်ခိုက်ခဲ့သည့် ဖြစ်စဉ်ရှိခဲ့သည်။ အဆိုပါ နေရာသည် ရန်ကုန်- စစ်တွေ ကားလမ်းမကြီး မင်းပြား- မြေပုံမြို့နယ်အစပ် အနီးတဝိုက်တွင်
ဖြစ်ခဲ့သည်။
ထိုဖြစ်စဉ်သည် ရက္ခိုင်ပြည်တိုက်ပွဲများအနက် ပထမဆုံးသော မြန်မာစစ်တပ်စခန်းကြီး လေ့ကျင့်ရေးသင်တန်းကျောင်းကြီးကို AA က ဝင်တိုက်ခဲ့သည့် တိုက်ပွဲကြီးဖြစ်သည်။ ယင်းကာလသည် AA အတွက် အင်အားစုစည်းနေဆဲကာလဖြစ်ပြီး စစ်တပ် အထိုင်ချစခန်း၊ တပ်ရင်း၊ တပ်မ၊ ဗျူဟာ တစ်ခုကိုမျှ အင်အားသုံး ဝင်မတိုက်သေးသည့် အချိန်ဖြစ်သည်။ ထို့အတူ ရက္ခိုင်ပြည်၌ တစ်ခုတည်းရှိသော အဆင့်မြင့် စစ်သင်တန်းကျောင်းတော်ကြီးကို ဝင်တိုက်ခဲ့ခြင်းဖြစ်သည်။ ဤအချက်မှာ ရက္ခိုင်ပြည်သိမ်းတိုက်ပွဲကြီး၏ အကြိုလေ့ကျင့်ခန်း အခြေခံ အစမ်းစာမေးပွဲ ဟုလည်းဆိုနိုင်သည်။
အဆိုပါတိုက်ပွဲတွင် AA ထပ်ဖွဲ့ဝင် ရာနှင့်ချီ အသုံးပြုခဲ့ပြီး ဘက်ပေါင်းစုံကနေ ဝိုင်းပတ်ပိတ်ဆို့ကာ ပြင်းပြင်းထန်ထန် ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ မတ်လ ၂၃ ရက်၊ နံနက် ၄ နာရီက စတင်ခဲ့ပြီး မွန့်တည့် ၁၂ နာရီ အထိ ကြာမြင့်ခဲ့သည်။ ထိုတိုက်ပွဲတွင် စစ်တပ်သည် ရဟတ်ယာဉ်နှစ်စီး၊ တိုက်လေယာဉ်နှစ်စီးဖြင့် အပြင်းအထန် ခုခံခဲ့ရသည်။ မင်းပြား အခြေစိုက် တပ်ရင်းများနှင့် ကျိန်းတောင်ကနေ လက်နက်ကြီး တောက်လျှောက်ပစ်ကူပေးခဲ့သည်။
ယင်းကြားထဲကနေ AA တပ်ဖွဲ့ဝင်များသည် တိုင်းဗဟို ၉ သင်တန်းကျောင်းဝင်းထဲသို့ ထိုးဖောက်ဝင်ရောက်ခဲ့ပြီး အောင်ပွဲခံခဲ့သော်လည်း အခြေအနေ မဟန်သဖြင့် ခဏမျှနှင့် ဆုပ်ခွာပေးခဲ့လိုက်ရသည်။ သို့သော်လည်း ထိုတိုက် ပွဲသည် AA အတွက် အချဉ်းအနှီး မဖြစ်ခဲ့ပေ။ နောင်လာမည့် တပ်ရင်းတပ်မ၊ မြို့သိမ်းတိုက်ပွဲကြီးအတွက် အတွေ့အကြုံသစ် ခြေစမ်းလေ့ကျင့်ခန်းလည်းဖြစ်ခဲ့သည်။
အောင်သာစည်တိုက်ပွဲ
ရသေ့တောင်မြို့နှင့် ၄ မိုင်ကျော်အကွာ အောင်သာစည် ကျေးရွာအနီးတွင် ၂၀၂၀ ပြည့်နှစ်
အောက်တိုဘာ ၁ ရက် ကစပြီး မြန်မာစစ်တပ်နှင့် AAတို့ တိုက်ပွဲပြင်းထန်စွာဖြစ်ခဲ့ကြသည်။ ယင်းတိုက်ပွဲကို အောင်သာစည် တိုက်ပွဲဟု လူသိများသည်။
အောင်သာစည်ကျေးရွာသည် ကျောက်တန်းကျေးရွာနှင့် နီးကပ်စွာတည်ရှိပြီး ရွာအနီးနားတွင် ပေ ၁၀၀ ကျော်သာ မြင့်သည့် တောင်တန်းအနည်းငယ်သာရှိနေသည်။ ယင်းတောင်တန်းများတွင် အာရက္ခတပ်တော်က တပ်စွဲထားပြီး အနီးနား ထီးစွဲကျေးရွာ၊ သမီးလှ၊ ဆောက်ခတ်ကျေးရွာတို့တွင် မြန်မာစစ်တပ်က အင်အားအလုံးအရင်းဖြင့် ဝိုင်းရံပိတ်ဆို့ ထားခြင်းဖြစ်သည်။ စစ်တပ် (တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့)၏ အောက်တိုဘာ ၄ ရက် ထုတ်ပြန်ချက်တွင် ရသေ့တောင်မြို့နယ် အောင်သာစည်ကျေးရွာအနီး AA အခိုင်အမာ နေရာယူထားသည့် စိုးမိုးတောင်ကုန်းများကို သိမ်းပိုက်လိုက်ကြောင်း ဖော်ပြသည်။
ထိုအောင်သာစည်တောင်ကုန်းကို အောက်တိုဘာ ၃ ရက်တွင် မြန်မာစစ်တပ်က သိမ်းပိုက်ပြီးနောက် တစ်ရက် အကြာ အောက်တိုဘာ ၄ ရက်တွင် AA က အပြင်းအထန်ထိုးစစ်ဆင်ပြီး ပြန်လည်သိမ်းပိုက်ခဲ့သည်။ ယင်းကြောင့် အဆိုပါတိုက်ပွဲသည် အပြန်အလှန် သိမ်းပိုက်ခဲ့ကြသည့် အပြင်းထန်ဆုံးသော တိုက်ပွဲလည်းဖြစ်သည်။ တိုက်ပွဲများအတွင်း မြန်မာစစ်တပ်သည် ဂျက်တိုက်လေယာဉ်များ၊ မေယုမြစ်ကနေ နေဗီ ၄ စီးဖြင့် ပစ်ကူပေးခဲ့ သည်။ ထို့အတူ ရသေ့တောင် အခြေစိုက် ၅၃၆၊ ၅၃၇၊ ၅၃၈ တပ်ရင်းများကနေ အတွဲလိုက် တာဝေးပစ်ဒုံးများဖြင့် ပစ်ကူပေးကာ ရေစိုးချောင်းဗျူဟာမှ လက်နက်ကြီးပစ်ကူ တောက်လျှောက်ပေးခဲ့ရသည်။ အောင်သာစည်တိုက်ပွဲသည် အောက်တိုဘာ ၁ ရက်ကနေ အောက်တိုဘာ ၁၃ ရက်အထိပြင်း ထန်ခဲ့သည်။
၁၀၂၇ စစ်ဆင်ရေးနှင့် ရက္ခိုင်မြို့သိမ်းတိုက်ပွဲ
၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၂၇ ရက်တွင် ညီနောင်မဟာမိတ် ၃ ဖွဲ့ဖြစ်သော ကိုးကန့်တပ်(MNDAA)၊ တအာင်းပလောင်တပ် (TNLA) နှင့်၊ အာရက္ခတပ်တော်(AA) တို့သည် ၁၀၂၇ စစ်ဆင်ရေးကြီးကို တရုတ်မြန်မာနယ်စပ် ရှမ်းမြောက်ဒေသ၌ စတင်အကောင်ထည်ဖော်ပြီး မြို့သိမ်းတိုက်ပွဲများ ဆင်နွှဲခဲ့သည်။ မြန်မာ့တော်လှန်ရေး သမိုင်းတွင် ရိုက်ချက်အပြင်းထန်ဆုံးနှင့် အအောင်မြင်ဆုံး စစ်ဆင်ရေးအဖြစ်မှတ်တမ်းဝင်သည်။
ရှမ်းပြည်မြောက်ပိုင်းဒေသက ၁၀၂၇ စစ်ဆင်ရေးကို အာရုံစိုက်နေကြစဉ် တဆက်တည်း ရက္ခိုင်ပြည်တွင်လည်း ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၃ ရက်တွင် ရခိုင်ပြည်သိမ်းတိုက်ပွဲကြီး စတင်လိုက်ခြင်းဖြစ်သည်။
ရက္ခိုင်ပြည်သိမ်းတိုက်ပွဲကြီးသည် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်တွင် ရက္ခိုင်ပြည်၊ ရသေ့တောင်မြို့နယ်၊ ချိန်ခါလီ၊ ဒုံးပိုက်၊ မောင်တောမြောက်ပိုင်း သင်္ဘောလှကျေးရွာ၊ မင်းပြားမြို့နယ် ဖေသာပြင်ကျေးရွာ၊ ကျောက်တော်မြို့နယ်၊ အပေါက်ဝကျေးရွာတို့မှ အစပြုသည်။
ဤတိုက်ပွဲများသည် စစ်ကောင်စီက ကြည်း၊ ရေ၊ လေအင်အား အပြည့်အဝ အသုံးပြုခဲ့ပြီး
အာရက္ခတပ်တော်ကလည်း လူအင်အားလက်နက်အင်အား စစ်နည်းဗျူဟာများသုံးကာ
အပြင်းထန်ဆုံးသော တိုက်ပွဲများဖြစ်သည်။ တစ်နည်းအားဖြင့် အာရက္ခစစ်သည်တော်တို့၏
ထူးခြားမြောက်သော တိုက်နည်းမဟာဗျူဟာ နည်းဗျူဟာများကြောင့် ဩချလောက်အောင်
အောင်မြင်ခဲ့သည်။
ဓာတ်ပုံ – AA Info Desk