
Breaking News
AB News – ဧပြီ ၁၊ ၂၀၂၆
ရက္ခိုင်ပြည်၊ သံတွဲမြို့နယ်ကို စစ်ကော်မရှင်လေတပ်က ဂျက်ဖိုက်တာအပါအဝင် Y12 လေယာဉ်တို့ကို အသုံးပြု၍ ယနေ့နံနက်အစောပိုင်းအချိန်မှ နေ့လယ် ၁၂ နာရီကျော်အချိန်ထိ ဗုံးသီး ၂၀ ခန့် ကြဲချတိုက်ခိုက်ခဲ့ကြောင်း ဒေသခံများက ဆိုကြသည်။
“စစ်ကော်မရှင်က လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်နေပါတယ်။ ဒီနေ့ မနက်ကနေ အခုချိန်ထိပါပဲ။ ဂျက်တွေရော၊ Y-12 တွေနဲ့ပါ လာကြဲနေတာ။ ဘယ်နေရာ ကျတယ်ဆိုတာတော့ မသိပါဘူး။ အကုန်လုံး ပုန်းနေရပါတယ်။ အခုထိ ဂျက်ဝဲနေပါသေးတယ်” ဟု ဒေသခံတစ်ဦးက ဆိုသည်။
သတွဲမြို့နယ်၊ ငပလီမြို့ရှိ ဂျိတ္တောရွာ၊ လင်းသာရွာ၊ မဇင်ရွာနှင့် ဂေါ့ရွာ အနီးပတ်ဝန်းကျင်ကို စစ်ကော်မရှင်လေတပ်က ဗုံးကြဲတိုက်ခိုက်ကြောင်း သိရသည်။
သံတွဲမြို့နယ်အတွင်း စစ်ကော်မရှင်က လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်နေသကဲ့သို့ ပင်လယ်ပြင်မှ စစ်ကော်မရှင်၏ ရေတပ်နေဗီများကလည်း လက်နက်ကြီးများ ပစ်ခတ်တိုက်ခိုက်နေကြောင်း ငပလီမြို့ခံတစ်ဦးက ဆိုသည်။
“ဗုံးကြဲသံတွေ၊ လက်နက်ကြီးပစ်သံတွေ ကြားရပါတယ်။ ပင်လယ်ပြင်မှာရှိတဲ့ နေဗီတွေကလည်း လက်နက်ကြီးတွေ ပစ်ခတ်နေပါတယ်” ဟု ဆိုသည်။
သံတွဲမြို့နယ်အတွင်း စစ်ကော်မရှင်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးမှု ရှိ/မရှိကို AB News မှ ဆက်လက်စုံစမ်းပြီး တင်ပြသွားမည် ဖြစ်ပါသည်။