
AB News – ဧပြီ ၁ ၊၂၀၂၆
ရက္ခိုင်ပြည်၊ အမ်းမြို့နယ်တွင် ပြည်ပထုတ်အရက်နှင့် ဘီယာများကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၏ တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးဌာန(DLEPS) က ဖမ်းဆီးခဲ့ကြောင်း သိရသည်။
DLEPS ဌာနမှ ပြီးခဲ့သည့် ရက်ပိုင်းအတွင်း အမ်းမြို့နယ်အတွင်းရှိ ကုန်စုံဆိုင်များနှင့် စားသောက်ဆိုင်များအား ဝင်ရောက်စစ်ဆေးရှာဖွေခဲ့ကြောင်း သိရသည်။
အဆိုပါ စစ်ဆေးရှာဖွေမှုအတွင်း အမ်းမြို့တွင်းရှိ ကုန်စုံဆိုင်တစ်ဆိုင်မှ ABC (ဘီယာ) ၁၀ ဗူး၊ ANDAMAN အမှတ်တံဆိပ်ပါ (ဘီယာ)၁၄၀ ဗူး၊ GRAND ပြာ ၁၄ လုံး၊ GRAND Royal ၃ လုံး၊ GRAND Royal Smooth ၆၄ လုံးနှင့် BEC ၄၈ လုံးတို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
ထိုသို့ ပြည်ပထုတ် အရက်၊ ဘီယာများ ရောင်းချနေသူများကို DLEPS ဌာနမှ တရားဥပဒေနှင့်အညီ အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ပြည်ပထုတ်အရက်၊ ဘီယာများ ဖမ်းဆီးခြင်းအား အမ်းမြို့နယ်ရှိ DLEPSဌာန၊ တိုက်နယ်အုပ်ချုပ်ရေးဌာနတို့ ပူးပေါင်းကာ ပူးပေါင်း၍ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။
ပြီးခဲ့သည့် မတ်လ ၁၈ ရက်နေ့တွင် မောင်တောမြို့နယ်၊ ကြိမ်ချောင်းရွာ၌ တရားမဝင်ရောင်းချနေသော ပြည်ပထုတ်အရက်ဘီယာများကို တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူ့လုံခြုံရေးဌာန(DLEPS)မှ ဖမ်းဆီးသိမ်းဆည်းခဲ့သည်။
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလမှစ၍ အာရက္ခဒေသအတွင်း ပြည်ပထုတ်အရက်နှင့် ဘီယာ တင်သွင်းခြင်းကို တရားဝင် ပိတ်ပင်ထားသကဲ့သို့ ဖြန့်ဖြူးရောင်းချသူများအား ထိရောက်စွာအရေးယူမည်ဖြစ်ကြောင်း အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရမှ တရားဝင်ထုတ်ပြန်ခဲ့သည်။