
AB News – မတ် ၂၉၊ ၂၀၂၆
ရက္ခိုင်ဒေသအတွင်း မြို့သိမ်းတိုက်ပွဲများအပြီး အုပ်ချုပ်ရေးယန္တရား အကူးအပြောင်းကာလတွင် အခြေအနေအမျိုးမျိုးကြောင့် ယာယီချိတ်ပိတ် ထိန်းသိမ်းခံခဲ့ရသည့် နေအိမ်များကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက စနစ်တကျ ပြန်လည်စိစစ်ကာ မူလပိုင်ရှင်များလက်သို့ လွှဲပြောင်း ပေးအပ်လျက်ရှိကြောင်း သိရသည်။
တိုက်ပွဲများဖြစ်ပွားစဉ်အတွင်း တော်လှန်ရေးအစိုးရအား ဆန့်ကျင်တိုက်ခိုက်နေသည့် အဖွဲ့အစည်းများ၊ အကြမ်းဖက်အုပ်စုများနှင့် ဆက်နွယ်မှုရှိသည်ဟု သံသယရှိသူများ၏ နေအိမ်များကို လုပ်ထုံးလုပ်နည်းနှင့်အညီ ယာယီချိတ်ပိတ်မှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
လက်ရှိတွင် အဆိုပါနေအိမ်ပိုင်ရှင်များအနက် အမှန်တကယ် ဆက်နွယ်မှုမရှိဘဲ အပြစ်ကင်းစင်ကြောင်း အထောက်အထားခိုင်လုံသူများက အစိုးရထံသို့ “အသနားခံစာ” တင်ပြလာမှုအပေါ် တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူ့လုံခြုံရေးဆိုင်ရာဌာန (DLEPS) မှ စနစ်တကျ စိစစ်ကာ နေအိမ်များကို ပြန်လည်လွှဲအပ်ပေးနေပြီ ဖြစ်သည်။
ချိတ်ပိတ်ခံထားရသည့် အိမ်ပိုင်ရှင်များထံမှ အသနားခံစာ တင်လာမှုများကို စနစ်တကျ စိစစ်လျက်ရှိပြီး အပြစ်ကင်းစင်ကြောင်း တွေ့ရှိရပါက ချိတ်ပိတ်ထားသည်များကို ပြန်ဖွင့်ပေးကာ မူလပိုင်ရှင်လက်ထဲသို့ ပြန်လည်လွှဲပြောင်းပေးနေပြီဖြစ်ကြောင်း အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၏ ပြောခွင့်ရပုဂ္ဂိုလ် ဦးခိုင်သုခ က အတည်ပြုပြောဆိုထားသည်။
ထို့ပြင် နေအိမ်များ ချိတ်ပိတ်ခံထားရသော်လည်း လက်ရှိတွင် စစ်ဘေးရှောင်နေရခြင်း သို့မဟုတ် ကျန်းမာရေး ကိစ္စရပ်များကြောင့် အခြားဒေသများသို့ ရောက်ရှိနေသူများအနေဖြင့်လည်း ခိုင်လုံသော အထောက်အထား အချက်အလက် အပြည့်အစုံဖြင့် အစိုးရထံသို့ ပိုင်ဆိုင်မှု ပြန်လည်ရရှိရေးအတွက် တရားဝင်လျှောက်ထားနိုင်ကြောင်း အသိပေးတိုက်တွန်းထားသည်။