သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မြောက်ဦးခရိုင်တွင် (၉) ကြိမ်မြောက် မြိုအမျိုးသားနေ့ကို စည်ကားသိုက်မြိုက်စွာကျင်းပ ပြုလုပ်

AB News – မတ်၁၉ ၊ ၂၀၂၆
Marlar Win

ရက္ခိုင်ပြည်၊ မြောက်ဦးခရိုင် တစ်နေရာတွင် (၉) ကြိမ်မြောက် မြိုအမျိုးသားနေ့ အခမ်းအနားကို စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ပြီး ULA/AA ၏တာဝန်ရှိသူများနှင့် ပါတီခရိုင်မှ အကြီးအကဲများ တက်ရောက်ဂုဏ်ပြု ချီးမြှင့်ခဲ့ကြသည်။

ယနေ့ မတ်လ ၁၉ ရက်နေ့တွင် မြိုအမျိုးသားနေ့အခမ်းအနားကို မြောက်ဦးခရိုင်အတွင်း ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အခမ်းအနားကို ပါတီခရိုင် ဒုမြို့နယ်မှူး၊ မြိုစာပေနှင့် ယဥ်ကျေးမှု အသင်း ဥက္ကဌ နှင့် မြို့နယ်အုပ်ချုပ်ရေးမှူးတို့မှ အဖွင့်အမှာစကား မိန့်ခွန်းပြောကြားခဲ့ကြသည်။

အခမ်းအနားကို အာရက္ခနိုင်ငံတော် သီချင်းဖြင့် စတင်ဖွင့်လှစ်ကာ မြိုအမျိုးသား ယဥ်ကျေးမှုများဖြစ်သည့် ရိုးရာတူရိယာ မျိုးစုံ​​တို့ဖြင့်မြိုင်မြိုင်ဆိုင်ဆိုင် တီးမှုတ်ပြီး မြိုရိုးရာဝတ်စုံများဖြင့် လူငယ်လူရွယ်များ ရိုးရာအကအလှများ​​​​​ဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြသည်။

“ကျွန်တော်တို့လူမျိုးတွေ ခုလိုပွဲကျင်းပခွင့်ရတာ အရမ်းဝမ်းသာပါတယ်၊ ကျွန်တော်တို့ရဲ့ ရိုးရာယဥ်ကျေးမှု ဓလေ့ထုံးထမ်းတွေကို မပျောက်ပျက်အောင် ထိန်းသိမ်းရာလည်းရောက်တယ်၊ အာရက္ခပြည်သူ့တော်လှန်ရေး အစိုးရ ဖက်ကလည်း အကူညီတွေ ပံ့ပိုးပေးတာကြောင့်လည်း ဝမ်းသာမိပါတယ်၊ ကျွန်တော်တို့ရဲ့ မျိုးဆက်သစ် မြိုလူငယ်တွေကိုလည်း ကျွန်တော်တို့ရဲ့ရိုးရာယဥ်ကျေးမှု အမွေအနစ်တွေကို လက်ဆင့်ကမ်းပြီး ထိန်းသိမ်းသွားမှာပါ” ဟု မြိုလူမျိုး အကြီးအကဲတစ်ဦးမှပြောသည်။

တက်ရောက်လာသည့် ULA/AA မှ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပါတီခရိုင် အကြီးအကဲများမှ ဂုဏ်ပြုငွေများ ချီးမြှင့်ခဲ့ကြပြီး ပွဲအခမ်းအနားသို့ တက်ရောက်လာသော ဧည့်သည်များကို မြိုရိုးရာ အစားအစာများဖြင့် ဖွယ်ဖွယ်ရာရာ တည်ခင်း ဧည့်ခံကျွေးမွေးခဲ့ကြသည်။

ထို့အပြင် ULAအစိုးရ၏ တာဝန်ရှိသူ တစ်ဦးမှ”ကျွန်တော်တို့အနေနဲ့ ခုလိုမြိုအမျိုးသားနေ့ တက်ခွင့်ရတဲ့အတွက် ဝမ်းသာမိပါတယ်၊ ကျွန်တော်တို့ အာရက္ခပြည်သူ့တော်လှန်ရေး အစိုးရဖက်မှလည်းထောက်ပံ့ပေးထားတာတွေရှိတယ်၊ နောက်ထပ်လာမည့် နှစ်တွေမှာလည်း ဒီထက်ပိုပြီး ခမ်းခမ်းနားနား ဖြစ်မြောက်အောင် လုပ်ပေးဖို့ အစိုးရ တစ်ရပ်အနေနဲ့ တာဝန်ရှိပါတယ်၊ မြိုလူငယ်တွေအနေနဲ့လည်း ဒီထက်ပိုပြီးတော့ ပညာတတ်တဲ့ လူငယ်တွေဖြစ်လာပြီး ရိုးရာယဥ်ကျေးမှုကို ထိန်းသိမ်းတတ်ပြီး ခေတ်မှီတဲ့ လူငယ်တွေ ဖြစ်လာစေချင်ပါတယ်” ဟု ပြောကြားခဲ့သည်။

ပွဲအခမ်းအနားတွင် မြိုလူမျိုးများ၏ မိရိုးဖရာ ရိုးရာ ယဥ်ကျေးမှုအတိုင်း နေထိုင်လာခဲ့ကြသည့် မြိုရိုးရာ အိမ်ပုံစံငယ်ကို ပြသထားပြီး အကျွေးအမွေးတွင်လည်း ထူးခြားမှုတစ်ခုအနေဖြင့် ဟင်းများတွင် ဆားမသုံးဘဲ ရိုးရာပြာရည်ဖြင့် ဓလေ့ထုံးစံအတိုင်း ချက်ကာ ဧည့်ခံခဲ့ကြသည်။

ယခုပွဲကို နောက်နှစ်စဥ် နှစ်တိုင်းလည်း ကျင်းပချင်ကြောင်း ယခုလိုကျင်းပခွင့်ရသည့် အတွက်လည်း အတိုင်းမသိဝမ်းသာပီတိ​ဖြစ်မိကြောင်း မြိုလူငယ်များမှ ပြောသည်။

Photo – Chandra/Marlar Win ( AB News)

AB_News #MroNationalDay #MraukU #RakhineState #Arakan #MroPeople #EthnicCulture #CulturalHeritage #Tradition #Festival #MroEthnicity #ArakanArmy #ULA #AA

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ