
AB News – မတ် ၁၇၊၂၀၂၆
ရက္ခိုင်ပြည်၊ မြောက်ဦးခရိုင်အတွင်း အစ္စလာမ်ဘာသာဝင်များ၏ ဝါဖြေပြီးဆုံးပွဲ အိဒ်အလ်ဖိထရ်(Eid al-Fitr) ကို မတ်လ ၁၅ ရက်နှင့် ၁၆ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဝါဖြေပြီးဆုံးပွဲ အခမ်းအနားသို့ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၏ စစ်ဖက်အရာရှိများ၊ ပါတီခရိုင်မှ တာဝန်ရှိသူများ၊ ခရိုင်အုပ်ချုပ်ရေးတာဝန်ခံများနှင့် ရပ်ရွာလူကြီးများက တက်ရောက်ဂုဏ်ပြုခဲ့သည်။
ဝါဖြေပြီးဆုံးပွဲတွင် ဘာသာရေးအရ စုပေါင်းဆုတောင်းခြင်းများ ပြုလုပ်ခဲ့ကြပြီး လာရောက်သူများကိုလည်း ရိုးရာမုန့်များနှင့် ဧည့်ခံခဲ့ကြသည်။
အဆိုပါ ဝါဖြေပြီးဆုံးပွဲကို အာရက္ခဒေသနေ မူဆလင်များမှာ နှစ်တိုင်း ကျင်းပခဲ့ကြသော်လည်း လက်ရှိ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရလက်ထက်တွင် ခမ်းခမ်းနားနားကျင်းပနိုင်ခဲ့ခြင်းဖြစ်ကြောင်း မူဆလင် ဘာသာရေးဆရာ တစ်ဦးက ဆိုသည်။
“အရင်က စစ်ကောင်စီလက်ထက်မှာဆိုရင် လွတ်လပ်စွာ ကျင်းပခွင့် မရရှိခဲ့ပါဘူး။ အခု အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရလက်ထက်မှာ လွတ်လပ်စွာ ကျင်းပခွင့်ရသလို လိုအပ်တာတွေကို ထောက်ပံ့ပြီး ဆောင်ရွက်ပေးပါတယ်” ဟု ဆိုသည်။
အစ္စလာမ်ဘာသာဝင်တို့သည် ရာမဒမ်လအတွင်း တစ်လကြာ ဝါကပ်ပြီးနောက် ဝါဖြေပွဲကို နှစ်စဉ်ကျင်းပကြခြင်း ဖြစ်သည်။