သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရသေ့တောင်နယ်၊ နမ္မဒါစစ်ဘေးရှောင်စခန်းတွင် အရေပြားရောဂါဖြစ်ပွားမှု မြင့်တက်နေ

AB News – မတ် ၅၊ ၂၀၂၆

ရက္ခိုင်ပြည်၊ ရသေ့တောင်မြို့နယ်၊ နမ္မဒါလူမှုကယ်ဆယ်ရေးစခန်းအတွင်း စစ်ဘေးရှောင်ဒေသခံများမှာ အရေပြားရောဂါ(ယားနာ) ဖြစ်ပွားမှု မြင့်တက်လျက်ရှိသည်ကို Arakan Bay News မှ ကွင်းဆင်းသတင်းယူစဉ် တွေ့ရှိခဲ့သည်။

ရသေ့တောင်မြို့နယ်၊ မိုးစဲကျွန်းဒေသရှိ နမ္မဒါလူမှုကယ်ဆယ်ရေးစစ်ဘေးရှောင်စခန်းအပါအဝင် စက်သီတာကျေးရွာ၊ မြသီတာကျေးရွာ၊ ဖြူချောင်းကျေးရွာ၊ သာစည်ထောင့်ကျေးရွာများတွင် ခိုလှုံနေကြသည့် စစ်ဘေးရှောင်များမှာ အရေပြားရောဂါ အများဆုံးဖြစ်ပွားနေကြောင်း စစ်ဘေးရှောင်များက ဆိုကြသည်။

အဆိုပါ စစ်ဘေးရှောင်များမှာ စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တောနှင့် သံတွဲမြို့နယ်တို့မှ ဖြစ်ကြောင်း သိရသည်။

အရေပြားရောဂါဖြစ်ပွားရခြင်းမှာ သောက်သုံးရေ မသန့်ရှင်းမှု၊ တစ်ကိုယ်ရည် မသန့်ရှင်းမှု၊ ပတ်ဝန်းကျင်ညစ်ညမ်းမှုအပါအဝင် လူနေထူထပ်ခြင်းတို့ကြောင့် ဖြစ်ပွားရခြင်းဖြစ်သည်ဟု စစ်ဘေးရှောင်အမျိုးသမီးတစ်ဦးက AB News သို့ ပြောသည်။

“အရေးပြားရောဂါဖြစ်နေတာ တော်တော်ကြာနေပြီ။ ဘယ်လိုမှ မသက်သာပါဘူး။ တစ်နေ့လုံး၊ တစ်ညလုံး အိပ်ရာဝင်တဲ့ အထိ ကုတ်နေရတယ်။ အစားအသောက်တွေ ဆင်ခြင်ပြီးလည်း မစားနိုင်ဘူး။ စစ်ဘေးရှောင်နေရတာဆိုတော့ အစားအသောက်တွေကို ဘယ်လိုလုပ် ဆင်ခြင်ပြီး စားနိုင်မှာလဲ။ တစ်ရက်လုပ်မှ တစ်နပ်ကို မလောက်မငနဲ့ စားသောက်နေရတာ။ သန့်သန့်ရှင်းရှင်း မနေရတာနဲ့လည်း ဆိုင်ပါတယ်။ ပတ်ဝန်းကျင်တွေကလည်း ဆိုးဆိုးဝါးဝါး ညစ်ညမ်းနေတယ်။ အဲ့ဒါကြောင့် အရေးပြားရောဂါဖြစ်ပွားတာလို့ ထင်တယ်” ဟု ၎င်း ပြောသည်။

အဆိုပါ စစ်ဘေးရှောင်စခန်းတွင် ကလေးငယ်များအပါအဝင် လူဦးရေ ၁၀၀၀ ကျော်ထိရှိကာ အရေပြားရောဂါ ဖြစ်ပွားမှု တိုးလာ၍ ဆေးဝါးအကူအညီများ လိုအပ်နေကြောင်း ပြောဆိုကြသည်။

လူဦးရေ ထူထပ်သည့် အဆိုပါစစ်ဘေးရှောင်စခန်းများတွင် သန့်ရှင်းမှု အားနည်း၍ လျင်မြန်စွာ ကူးစပ်နေကြောင်းနှင့် ဆေးဝါးအကူညီများ လိုအပ်နေကြောင်း နောက်ထပ် စစ်ရှောင်အမျိုးသမီးတစ်ဦးက AB News သို့ ပြောသည်။

“စစ်ဘေးရှောင်တွေ အရေပြားယားနာဖြစ်လာရင် အချိန်နဲ့တပြေးညီ ဆေးကုသပေးဖို့ ဆေးဝါးမရှိဘူး။ အဲဒါကြောင့် နီးစပ်ရာက အခြားသူတွေကို ကူးစက်ဖို့ အရမ်းလွယ်တယ်။ ဖြစ်နိုင်ရင် ကျွန်မတို့ စစ်ဘေးရှောင်တွေမှာ ဖြစ်ပွားနေတဲ့ အရေပြားရောဂါကို လုံးဝပပျောက်သွားအောင် ဆေးကုသပေးစေချင်ပါတယ်။ ကလေးတွေရော၊ သက်ကြီးပိုင်းတွေရော အရမ်း ဒုက္ခရောက်ကြတယ်။ ဒီနှစ်မှာ ပိုဆိုးလာတယ်။ ကလေးတွေမှာ ဖြစ်ရင် ပိုသနားဖို့ကောင်းတယ်” ဟု ပြောသည်။

တဖက်တွင်လည်း ရသေ့တောင်မြို့နယ်အတွင်း စစ်ဘေးရှောင်နေကြသည့် စစ်ရှောင်ဒေသခံများမှာ စားဝတ်နေရေး အခက်အခဲများနှင့် ကြုံတွေ့နေရသည်ကို တွေ့ရှိရသည်။

ကုန်ဈေးနူန်း အဆမတန်မြင့်မားခြင်း၊ အထောက်အပံ့ရရှိမှု နည်းပါးခြင်းနှင့် နေရပ်ပြန်နိုင်ရေး ကြန့်ကြာလာမှုတို့အတူ အလုပ်အကိုင်ရှားပါးမှုတို့ကြောင့် စစ်ဘေးရှောင်များမှာ စားဝတ်နေရေး အခက်ကြုံနေကြခြင်း ဖြစ်ကြောင်း စစ်ဘေးရှောင်များက ဆိုကြသည်။

လက်ရှိတွင် စစ်ဘေးရှောင်များမှာ စားဝတ်နေရေးအခက်အခဲအပြင် နွေဦးရာသီကို ရောက်ရှိလာပြီဖြစ်သောကြောင့် ရေရှားပါးမှု ပြဿနာကိုလည်း ကြုံတွေ့နေရသည်ကို တွေ့ရှိခဲ့သည်။

ဓာတ်ပုံ – Nwe Soe / Arakan Bay News

ArakanBayNews #AB_News #IDPs #အရေပြားရောဂါ #Camp #Rathedaung_Township #Rakhine

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ