
AB News – ဖေဖော်ဝါရီလ ၁၅၊ ၂၀၂၆
အောင်စိုး
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှ ယနေ့ ဖေဖော်ဝါရီလ ၁၅ နေ့အထိ ရက္ခိုင်ကို စစ်ကော်မရှင်(စကမ) မှ လေကြောင်းအသုံးပြုတိုက်ခိုက်မှုမှာ ၁၀ ကြိမ်ထက်မနည်းရှိလာနေကြောင်း AB News ၏ ကောက်ယူထားသည့် စာရင်းများအရ သိရသည်။
တစ်လခွဲအတွင်း စစ်ဆင်ရေးသုံး အသေခံဒရုန်းများနှင့် ပါရာမော်တာများအပါအဝင် ဂျက်ဖိုက်တာများနှင့် လေကြောင်းတိုက်ခိုက်မှုများကို ဆက်တိုက်လုပ်ဆောင်နေသောကြောင့် ဒေသခံများ ထိခိုက်သေဆုံးမှု မြှင့်တက်လျက် ရှိနေသည်။
စကမ ၏ ဝေဟင်အသုံးပြု လေကြောင်းတိုက်ခိုက်မှုများကြောင့် လသားအရွယ်ကလေးငယ်များအပါအဝင် စစ်သုံ့ပန်း မိသားစုများနှင့် ဒေသခံပြည်သူများ စုစုပေါင်း ၃၃ ဦးသေဆုံးပြီး ၅၇ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကာ နေအိမ်အပါအဝင် အဆောက်အဦး ၁၅ ခုထက်မနည်း မီးလောင်ပျက်စီးခဲ့ကြောင်း AB News ၏ ကောက်ယူထားသည့် စာရင်းများအရသိရသည်။
ပြည်ထောင်စုနေ့ဖြစ်သည့် ပြီးခဲ့သည့်ဖေဖော်ဝါရီ ၁၂ ရက်နေ့တွင် ကျောက်တော် နှင့် မြောက်ဦးမြို့တို့ကို စကမ မှ ဂျက်ဖိုက်တာနှင့် လေကြောင်းတိုက်ခိုက်မှု ၄ ကြိမ်ထက်မနည်း ပြုလုပ်ခဲ့သောကြောင့် လသား ကလေးငယ်အပါအဝင် ပြည်သူ ၇ ဦးသေဆုံးပြီး၊ ၁၆ ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်။
အလားတူ ဖေဖော်ဝါရီလ ၈ ရက်၊ နေ့လည် ၂ နာရီ နီးပါးအချိန်တွင် သံတွဲမြို့အမှတ် (၃) ရပ်ကွက်ကို စကမ မှ ဂျက်ဖိုက်တာဖြင့် ပေါင် ၅၀၀ ဗုံး ၂ လုံးကြဲချတိုက်ခိုက်ခဲ့သောကြောင့် ဒေသခံ ၂ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး လူနေအိမ် ၉ လုံးထက်မနည်း ဗုံးစထိမှန်ပျက်စီးခဲ့သည်။
ဖေဖော်ဝါရီလ ၂ ရက်နေ့၊ ညနေ ၅ နာရီအချိန်တွင် ကျောက်ဖြူမြို့နယ်ရှိ မော်ကြီးကျေးရွာကို စကမတပ်မှ ပါရာမောတာ ၁ စီးဖြင့် ဗုံး ၃ လုံးထက်နည်း ကြဲချခဲ့သောကြောင့် စစ်ဘေးရှောင်သက်ကြီးပိုင်း အမျိုးသား ၁ဦး သေဆုံးခဲ့ပြီး ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
ပြီးခဲ့သည့် ဇန်နဝါရီလ ၂၈ ရက်နေ့၊ နေ့လည် ၂ နာရီအချိန်တွင်လည်း ပုဏ္ဏားကျွန်းမြို့နယ် ကွမ်းတောင်ကျေးရွာကို စကမမှ အသေခံဒရုန်းများဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့သောကြောင့် လူနေအိမ် ၂ ဆောင် မီးလောင်ပျက်စီးခဲ့ရပြီး ထိုနေ့ ညနေပိုင်းအချိန်တွင် ပေါက်တောမြို့နယ်၊ သဲခုံကျေးရွာ နှင့် ဂြင်းချောင်းကျေးရွာ ပိုက်ဆိပ်တို့ကို ဂျက်ဖိုက်တာနှင့် လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့သည်။
ဇန်နဝါရီလ ၂၇ ရက်နေ့တွင်လည်း ပုဏ္ဏားကျွန်းမြို့နယ်ရှိ ပက်ခွက်ဆိပ်ကျေးရွာအနီး ပြည်သူများ Starlink အင်တာနက်သုံးစွဲသည့်နေရာကို နံနက် ၁ နာရီ နှင့် နေ့လည် ၁ နာရီကျော်အချိန် နှစ်ကြိမ်တိုင်တိုင် ပေါင် ၃၀၀ ဗုံး ၈ လုံးထက်မနည်း ကြဲချတိုက်ခိုက်ခဲ့သည်။
ဇန်နဝါရီလ ၂၄ ရက်နေ့ နေ့လည် ၁ နာရီနီးပါးအချိန်တွင် စစ်ကော်မရှင်က ကျောက်ဖြူမြို့နယ်၊ မူရွင်းကျေးရွာရှိ စစ်ဘေးရှောင်များခိုလုံနေသည့် စာသင်ကျောင်းကို အသေခံဒရုန်းဖြင့် လေကြောင်း တိုက်ခိုက် မှုပြုလုပ်ခဲ့သောကြောင့် စာသင်ကျောင်းတွင်နေထိုင်သည့် စစ်ရှောင်ပြည်သူ ၂ ဦးသေဆုံးပြီး ကလေးငယ် အပါအဝင် စစ်ရှောင်ပြည်သူ ၅ ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်။
ဇန်နဝါရီလ ၂၂ ရက်နေ့ နံနက် ၁၁ နာရီ၊ ၃၅ မိနစ်အချိန်တွင် ဇင်ချောင်းကုန်းဘွေကျေးရွာ၊ ကျောက်ဖြူ-ရန်ကုန် ကားလမ်းမထက် ရွှေရက္ခိုင်ကားဂိတ်အနီးသို့ စစ်ကော်မရှင်က အသေခံဒရုန်းဖြင့် တိုက်ခိုက်ခဲ့သောကြောင့် ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဇန်နဝါရီလ ၂၀ ရက်နေ့၊ ညနေ ၇ နာရီကျော်အချိန်တွင် ကျောက်တော်-ပုဏ္ဏားကျွန်းအစပ် ချောင်းတူကျေးရွာအနီးရှိ မြို့သိမ်းတိုက်ပွဲအတွင်း ဖမ်းဆီးရမိသည့် သုံ့ပန်းများကို ထိန်းသိမ်းထားသော နေရာကို စစ်ကော်မရှင်က ဂျက်ဖိုက်တာနှင့် ပေါင် ၃၀၀ ဗုံး ၄ လုံးကြဲချတိုက်ခိုက်ခဲ့သောကြောင့် လသားအရွယ် ကလေးငယ်များအပါအဝင် စစ်သုံ့ပန်းမိသားစုဝင် ၂၁ ဦးသေဆုံးခဲ့ပြီး ၃၀ ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
ယင်းအပြင် ဇန်နဝါရီလ ၁၈ ရက်နေ့တွင်လည်း ကျောက်ဖြူမြို့နယ်၊ ကျောက်ကလေကျေးရွာအနီးကို စစ်ကော်မရှင်က ဂျက်ဖိုက်တာနှင့် လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် စစ်ရှောင်အမျိုးသမီး ၂ ဦး ပွဲချင်းပြီး သေဆုံးခဲ့သည်။
အဆိုပါ လေကြောင်းတိုက်ခိုက်မှုများကြောင့် စစ်ဘေးရှောင်ပြည်သူများနှင့် ဒေသခံပြည်သူများမှာ စိုးရိမ်ကြောက်လန့်နေရပြီး အသက်အန္တရာယ်များနှင့် ရင်ဆိုင်ကြုံတွေ့နေရကြောင်း ဆိုသည်။
“ညကျရင် လေယာဥ်လာကြဲမှာကို အမြဲကြောက်လန့်နေရပါတယ်။ အိပ်ရင်လည်း စိတ်ချလက်ချ မအိပ်ရဲပါဘူး။ အိမ်ရှေ့က ကားဖြတ်သွားရင်တောင် ဂျက်သံနဲ့မှားပြီး ဗုံးခိုကျင်းထဲ ဆင်းပြေးမိပါတယ်။ အသက်တွေ မလုံခြုံတော့သလို ခံစားနေရပါတယ်။ လေကြောင်း ဗုံးကြဲရင်လည်း စစ်ရေးနဲ့ သက်ဆိုင်တဲ့ နေရာတွေကို လုပ်စေချင်ပါတယ်။ ပြည်သူတွေ နေတဲ့ နေရာတွေကို မလုပ်စေချင်ပါဘူး” ဟု မြောက်ဦးမြို့ခံ အမျိုးသမီးတစ်ဦးက AB News သို့ ပြောသည်။
အပြည်ပြည်ဆိုင်ရာ (Geneva Convention)အရ တိုက်ပွဲဖြစ်ပွားသည့် နေရာဒေသများတွင် စစ်ရေးနှင့်မသက်ဆိုင်သည့် ဘာသာရေးအဆောက်အဦး၊ စစ်ဘေးရှောင်စခန်း၊ ဆေးရုံ/ခန်း များနှင့် ပြည်သူများနေထိုင်သည့် နေရာများကို ပစ်မှတ်ထားမတိုက်ခိုက်ရန် တားမြစ်ထားသော်လည်း စစ်ကော်မရှင်က ရည်ရွယ်ချက်ရှိရှိ စစ်ရေးပစ်မှတ်ထားကာ တိုက်ခိုက်နေကြောင်း သိရသည်။
လူမှုရေးတက်ကြွလှုပ်ရှားသူ အမျိုးသားတစ်ဦးက “ဒီလောက်ထိ ယုတ်ညံ့တဲ့ စိတ်ဓာတ်ရှိမယ်လို့ မထင်ထားဘူး။ နေ့စဉ်ရက်ဆက်ဆိုသလို လေကြောင်းဗုံးကြဲနေတော့ ကျွန်တော်တို့အပြစ်မဲ့ပြည်သူတွေရဲ့ အသက် အိုးအိမ်စည်းစိမ်တွေ ပျက်စီးနေရတယ်။ အရပ်သားပြည်သူတွေအပေါ် လေကြောင်းဗုံးကြဲမှုတွေ လုပ်ပြီး နိုင်ငံကို ကောင်းမွန်အောင်တည်ဆောက်နေပါတယ်လို့ ပြောနေတာတွေက တကယ့်ကို ရှက်ဖို့ကောင်းတဲ့ စကားတွေပါပဲ။ ဒီလိုလုပ်ရပ်တွေ လုပ်နေတာက သူတို့အပေါ်ထားတဲ့ ပြည်သူတွေရဲ့ အမုန်းတရားကို ပိုတိုးစေပါတယ်” ဟု ဆိုသည်။
ရက္ခိုင်ကို စစ်ကော်မရှင်က လေကြောင်းတိုက်ခိုက်မှုများ အရှိန်မြှင့်လုပ်ဆောင်လာနေသောကြောင့် ဒေသခံ ပြည်သူများအနေဖြင့် လေကြောင်းအန္တရာယ်ကို အထူးဂရုပြုရန် အာရက္ခတပ်တော်ကတရားဝင်ထုတ်ပြန် ကြေညာထားသည်။