AB News – ဖေဖော်ဝါရီ ၁၃ ၊ ၂၀၂၆
ရက္ခိုင်ပြည်၊ ကျောက်တော်နှင့် မြောက်ဦးကို စစ်ကော်မရှင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၇ ဦးသေဆုံးခဲ့ပြီး ၁၆ ဦးခန့် ဒဏ်ရာရရှိသွားကြောင်း သိရသည်။
ယမန်နေ့ ဖေဖော်ဝါရီ ၁၂ ရက်၊ ည ၉ နာရီကျော်အချိန်တွင် လေကြောင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ကျောက်တော်မြို့၊ ပိုက်သည်ရပ်ကွက်နှင့် မြောက်ဦးမြို့၊ အလယ်ဈေးရပ်ကွက်၊ ဝေသာလီဟိုတယ် တို့တွင် ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။
ကျောက်တော်မြို့ပိုက်သည်ရပ်ကွက်တွင် ၄ ဦးသေဆုံးပြီး ၉ ဦးဒဏ်ရာရရှိခဲ့သည်။ ထို့အပြင် မြောက်ဦးတွင် ၃ ဦး သေဆုံးပြီး ၇ ဦး ဒဏ်ရာရရှိခဲ့သည်။
ကျောက်တော်မြို့ ပိုက်သည်ရပ်ကွက်တွင် ဗုံးကြဲမှုအတွင်း သေဆုံးသူများမှာ စစ်တွေမြို့နယ် ဗျိုင်းဖြူရွာမှ စစ်ဘေးရှောင်နေသည့် အသက် ၆၁နှစ်အရွယ် ဒေါ်မစောလှ၊ အသက် ၅၃နှစ်အရွယ် ဒေါ်အေးနုနှင့် ပိုက်သည်ရပ်ကွက်မှ အသက် ၂၃နှစ်အရွယ် ဦးဆန်းဝင်းနဲ့ အသက် ၃၁နှစ်အရွယ် ကိုညီချေတို့ ဖြစ်ကြောင်းသိရသည်။
ထို့အပြင် မြောက်ဦးမြို့အတွင်း စစ်ကော်မရှင်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် စစ်တွေမြို့နယ်၊ ဗျိုင်းဖြူရွာမှ စစ်ဘေးရှောင်နေသည့် ကိုအောင်းလင်းစိုး၊ ဒေါ်သန္ဒာစိုးနှင့် ၃ လသားအရွယ် ကလေးငယ် အောင်လင်းဟိန်း တို့ သေဆုံးခဲ့ကြောင်း သိရသည်။
ရက္ခိုင်ပြည်အတွင်း စစ်ရေး၊ နိုင်ငံရေးအရ ရှုံးနိမ့်နေသည့် အာဏာသိမ်းစစ်ကော်မရှင်တပ်သည် အရပ်သားပြည်သူများ နေထိုင်သည့် မြို့၊ရွာများကို ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲနေပြီး စစ်ရာဇဝတ်မှုများကို ပြောင်ပြောင်တင်းတင်း ကျူးလွန်နေကြောင်း ရက္ခိုင်အရေးလေ့လာသုံးသပ်သူများ ဆိုကြသည်။






