သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ကျောက်ဖြူတွင် စစ်‌ရှောင်ကလေးငယ် ၆ ထောင်ကျော်ခန့် ပညာသင်ခွင့်ဆုံးရှုံးနေ

AB News – ဖေဖော်ဝါရီ ၃၊ ၂၀၂၆
အောင်စိုး

အာရက္ခတပ်တော်နှင့် စစ်ကော်မရှင်(စကမ) တို့ကြား နှစ်ဖက်တိုက်ပွဲပြင်းထန်နေသည့် ကျောက်ဖြူမြို့နယ်တွင် စစ်ရှောင်ကလေးငယ် ၆ ထောင်ကျော်ခန့် ပညာသင်ခွင့်ဆုံးရှုံးနေကြောင်း AB News က စုံစမ်းသိရှိရသည်။

အဆိုပါစစ်‌ရှောင်ကလေးငယ် ၆ ထောင်ကျော်တွင် KG တန်းမှ G-4 အထိ ကျောင်းသားအများစုပါဝင်နေပြီး ၉၀ ရာခိုင်နှုန်းခန့်မှာ ပညာသင်ခွင့်ဆုံးရှုံးနေရကြောင်း ကျောက်ဖြူစစ်ရှောင်အရေးကူညီပေးနေသည့် လူမှုရေးတက်ကြွ လှုပ်ရှားသူတစ်ဦးက ပြောသည်။

“ကျနော်တို့ သိရသလောက်တော့ စစ်ရှောင်လာတဲ့ကလေးငယ် ဦးရေက ၆ ထောင် နှင့် ၇ ထောင်ကြားမှာ ရှိပါတယ်။ ၉၀ ရာခိုင်နှုန်းကျော်လောက်က ပညာသင်ခွင့်ဆုံးရှုံးနေရပါတယ်။ အဲဒီထဲမှာ KG တန်းကနေ G-4 အထိ ကလေးငယ်တွေ အများကြီး ပါဝင်ပါတယ်” ဟု ဆိုသည်။

ကျောက်ဖြူမြို့နယ်အတွင်း တိုက်ပွဲဧရိယာကျယ်ပြန့်လာကာ စစ်ရှောင်ဦးရေ တိုးလာနေပြီး ကိုယ်ထူကိုယ်ထပြုလုပ်ထားသည့် စာသင်ကျောင်းများ နည်းပါးသကဲ့သို့ စေတနာဝန်ထမ်း ဆရာ/မ အားနည်းကြောင်း ၎င်းက ထပ်လောင်းပြောသည်။

အချို့ စစ်ရှောင်ကလေးများမှာ မိသားစုစားဝတ်နေရေး မပြေလည်မှုများကြောင့် တောင်ပေါ် ထင်းခုတ်၊ ဟင်းရှာ အလုပ်ကို လုပ်ကိုင်နေရကြောင်း ဆိုသည်။

“စစ်ရှောင်စခန်းတွေမှာ ကလေးတွေကို ပညာသင်ပေးဖို့ ကိုထူကိုထလုပ်ထားတဲ့ ကျောင်းတွေ အရမ်းနည်းပါး ပါတယ်။ စေတနာ့ဝန်ထမ်း ဆရာ/မ တွေလည်း ပူးပေါင်းပါဝင်မှုတွေ အားနည်းကြပါတယ်။ တချို့ ကျောင်းနေအရွယ် ကလေးတွေဆိုရင် မိသားစုဝမ်းရေး မပြေလည်တာကြောင့် ပညာသင်ခွင့်ဆုံးရှုံးသလို၊ တောင်ပေါ်တက်ပြီး ထင်းခုတ်၊ ဟင်းရှာတဲ့ အလုပ်ကို လုပ်ကိုင်နေရတာလည်း ရှိပါတယ်” ဟု ပြောသည်။

ဒေသတွင်း လူမှုပရဟိတအဖွဲ့အစည်းများမှ ပညာသင်ခွင့်ဆုံးရှုံးနေသည့် စစ်ရှောင်ကလေးသူငယ်များကို ပညာသင်ယူခွင့်ရရှိစေရန် စေတနာ့ဝန်ထမ်း ဆရာ/မများနှင့် ပူးပေါင်းပြီး ကိုယ်ထူကိုယ်ထ စာသင်‌ကျောင်းများ ဖွင့်ပေးရန် စီစဥ်နေကြောင်း သိရသည်။

တစ်ဖက်တွင်လည်း စစ်ရှောင်ကလေးငယ်များ ပညာသင်ယူခွင့်ရရှိစေရန် ပြည်တွင်း၊ ပြည်ပ အလှူရှင်များ၏ ငွေကြေးထောက်ပံ့မှုများ အရေးတကြီး လိုအပ်နေကြောင်း ဆိုသည်။

“ကလေးတွေရဲ့ ပညာရေးကို ဆုံးရှုံးခံလို့ မရပါဘူး။ သူတို့တွေက ကျနော်တို့ရဲ့ အနာဂတ်တွေဖြစ်ပါတယ်။ စစ်ရှောင်စခန်းမှာ ရှိတဲ့ ဆရာ/မ တွေနဲ့ ကျနော်တို့ ဒေသတွင်း ပရဟိတအဖွဲ့အစည်းတွေ ပူးပေါင်းပြီး ကိုယ်ထူကိုယ်ထ စာသင်ကျောင်းတွေ လုပ်ဖို့ စီစဥ်ထားပါတယ်။ ဒေသတွင်း ပရဟိတအဖွဲ့အစည်းတွေ ဖြစ်တာကြောင့် တစ်ဖက်မှာလည်း ‌ငွေကြေးမလုံလောက်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်” ဟု ပြောသည်။

လက်ရှိကျောက်ဖြူမြို့နယ်တွင် တိုက်ပွဲများကြောင့် ကျေးရွာပေါင်း ၉၀ ထက်မနည်း ဘေးလွတ်ရာကို ထွက်ပြေးတိမ်း‌ရှောင်နေရပြီး စစ်ရှောင်ဦးရေ ၃ သောင်းခွဲ ဝန်းကျင်ခန့်ရှိကြောင်း သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ