AB News – ဇန်နဝါရီ ၂၁၊ ၂၀၂၆
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒုက္ခသည်စခန်းတွင် ယမန်နေ့ ဇန်နဝါရီလ ၂၀ ရက်နေ့၊ ညနေ ၆ နာရီခန့်က ARSA တပ်ဖွဲ့ဝင် ၂ ဦးသတ်ဖြတ်ခံခဲ့ရကြောင်း စခန်းအတွင်းမှ မူဆလင်များ၏ ပြောဆိုချက်အရ သိရသည်။
အဆိုပါ သေဆုံးသူ ၂ ဦးမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့စ်ဘဇားခရိုင်၊ အူခီးယားမြို့နယ်၊ ဘာလူခါလီ ဒုက္ခသည်စခန်း အမှတ် ၁၇ တွင် နေထိုင်သည့် ARSA အဖွဲ့တာဝန်ခံများဖြစ်သည့် အဖ ဘော်ဒူဆော်လောမ်၏ သား ဇော်ကော်ရီယာ (မောင်တောမြို့နယ်၊ သဝင်ချောင်းကျေးရွာ ဇာတိ)နှင့် အဖ အာလီအာမတ်၏သား တာဇော်မိုလုပ် (မောင်တောမြို့နယ်၊ သင်္ဘောကွေ့ကျေးရွာ ဇာတိ) တို့ဖြစ်ကြောင်း သိရသည်။
ဘာလူခါလီဒုက္ခသည်စခန်း အမှတ် ၂၀ ၏ ဆေးရုံအနီးရှိ ကွင်းပြင်တွင် လည်ပင်းလှီးဖြတ်ခံထားရပြီး သေဆုံးနေသော ၎င်းတို့ ၂ ဦး၏ ရုပ်အလောင်းများကို တွေ့ရှိခဲ့ရခြင်းဖြစ်သည်။
အဆိုပါရုပ်အလောင်းများကို ဘာလူခါလီ ဒုက္ခသည်စခန်း အမှတ် ၂၀ ဆေးရုံသို့ ပို့ဆောင်ထားပြီး ဒေသခံများက RSO အဖွဲ့၏ သတ်ဖြတ်ခြင်းဖြစ်ကြောင်း စွပ်စွဲထားသည်။


