သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
၃ လခန့်ကြာပျောက်ဆုံးနေသော ကျောက်ဖြူဒေသခံအမျိုးသမီး ၃ ဦး၏ ရုပ်အလောင်းကို စကမ ရဲတပ်အရင်းအနီးတွင် တွေ့ရှိ

AB News – ဇန်နဝါရီ ၈၊ ၂၀၂၆

ရက္ခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ အုန်းတောကျေးရွာမှ ၃ လခန့်ကြာ ပျောက်ဆုံးနေသော အမျိုးသမီး ၃ ဦး၏ ရုပ်အလောင်းကို စစ်ကော်မရှင်၏ အမှတ် ၃၂ ရဲတပ်ရင်းအနီးရှိ တောတောင်အစပ်တွင် တွေ့ရှိရကြောင်း သိရသည်။

အဆိုပါအမျိုးသမီး ၃ ဦးမှာ အုန်းတောကျေးရွာမှ အသက် ၅၅ နှစ်အရွယ် ဒေါ်လှသိန်းရွှေ၊ သမီးဖြစ်သူ အသက် ၃၁ နှစ်အရွယ် ဒေါ်အေးအေးသိန်းနှင့် တူမဖြစ်သူ အသက် ၁၃ နှစ်အရွယ် မပြည့်စုံဝင်းတို့ဖြစ်သည်။

၎င်းတို့ ၃ ဦးသည် ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် အောက်တိုဘာလ အစောပိုင်းလောက်က ကျောက်ဖြူတောင်အနီးက ၎င်းတို့ပိုင်သည့် ဥယျာဉ်ခြံသို့ တရွာတည်းနေ ရွာသားနှစ်ဦးနှင့်သွားစဉ် ကင်းချထားသည့် စကမတပ်သားများနှင့်တွေ့၍ ရွာသို့ပြန်သွားတားမြစ်ခဲ့ကြောင်း သိရသည်။

ထို့နောက် အတူပါလာသော ရွာသား ၂ ဦးမှာ ကျေးရွာသို့ပြန်သွားခဲ့ကြပြီး ၎င်းတို့ ၃ ဦးမှာ ဥယျာဉ်ခြံသို့ တခြားလမ်းမှ သွားရောက်ခဲ့ကာ ယင်းနေ့မှစ၍ ပျောက်ဆုံးသွားခဲ့ကြရခြင်းဖြစ်သည်။

ယခုအခါ အဆိုပါ ၃ ဦးကို ယခုနှစ် ဇန်နဝါရီလ ၂ ရက်နေ့တွင် အမှတ် ၃၂ ရဲတပ်ရင်းအနီးရှိ တောတောင်အစပ်၌ မြေမြှုပ်ထားသော အရိုးစုပုံများအဖြစ်သာ တွေ့ရကြောင်း ဒေသခံများ၏ ပြောဆိုချက်အရ သိရသည်။

“ရုပ်အလောင်းတွေကတော့ အရိုးစုတွေပဲ ကျန်တော့တာပါ။ ဒါပေမဲ့ သူတို့ ဝတ်သွားတဲ့ အဝတ်အစား အစအနတွေနဲ့ အသုံးအဆောင် ပစ္စည်းတွေကို ကြည့်ပြီး မိသားစုဝင်တွေက ဒါဟာ ဒေါ်လှသိန်းရွှေတို့ သားအမိတွေပဲဆိုတာ အတည်ပြုလိုက်ကြတာပါ” ရွာသားတစ်ဦးက AB News သို့ပြောသည်။

အဆိုပါ နေရာမှာ စစ်ကော်မရှင်တပ်သားများ ကင်းချထားပြီး လုံခြုံရေး တင်းကျပ်ထားသည့် နယ်မြေဖြစ်သည်။

လက်ရှိတွင် ကျောက်ဖြူမြို့နယ်အတွင်း နှစ်ဖက်တိုက်ပွဲများကြောင့် စစ်ကောင်စီက ကုန်းလမ်း၊ ရေလမ်းများကို အလုံးစုံပိတ်ဆို့ထားရာ ဒေသခံများမှာ စားဝတ်နေရေးအတွက် အသက်ဘေးအန္တရာယ်ကြားမှ တောတောင်ထဲသို့ သွားရောက်ကာ ဟင်းစားရှာဖွေကာ စားဝတ်နေရေးပြဿနာကို ဖြေရှင်းနေကြရခြင်းဖြစ်သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ