AB News- ဇန်နဝါရီ ၈၊ ၂၀၂၆
ဒေဝီ
ယမန့်နေ့ ဇန်နဝါရီလ ၇ ရက်နေ့တွင်ကျရောက်သော ၁၅ ကြိမ်မြောက် သက္ကမအမျိုးသားနေ့ အခမ်းအနားသို့ ULA/AA မှ ဂုဏ်ပြုသဝဏ်လွှာပေးပို့ခဲ့ကြောင်း သိရသည်။
ဒိုင်းနက် (ခေါ်) သက္ကမအမျိုးသားနေ့ (၁၅) ကြိမ်မြောက်အခမ်းအနားကို ယမန်နေ့က ရက္ခိုင်ပြည်၊ မောင်တောမြို့နယ်တွင် မောင်တောခရိုင် သက္ကမလူမျိုးစုရေးရာကော်မတီက ဦးဆောင်ပြီး စည်ကားသိုက်မြိုက်စွာကျင်းပခဲ့ကာ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရဘက်ကလည်း လုံခြုံရေးနှင့် လိုအပ်သည့် ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးခဲ့သည်။
သက္ကမလူမျိုးများအပါအဝင် ရက္ခိုင်ဒေသအတွင်း လူမျိုးစုံလင်စွာနေထိုင်ကြပြီး နေထိုင်ကြပြီး ရက္ခိုင်ဒေသနှင့် ရက္ခိုင်လူမျိုးများအပေါ် သစ္စာစောင့်သိကြသော လူမျိုးကြီးငယ်မဟူ အားလုံးသည် ရက္ခိုင်ဒေသအား ကျူးကျော်သူနယ်ချဲ့ရန်သူများ၏ လက်အောက်သို့ မကျရောက်ရန် အတူစုပေါင်းကာကွယ်ခဲ့ကြပြီး လက်ရှိတွင်လည်း ကိုယ်တို့ အာရက္ခဒေသအားအတူတကွစောင့်ရှောက်ရန် တာဝန်ရှိသည်ကို သတိမူကာ သမိုင်းပေးတာဝန်ကို အမျိုးသားရေးအသိဖြင့် ထမ်းဆောင်ကြရမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
ရက္ခိုင်လူမျိုးအားလုံးသည် စည်းလုံးညီညွတ်မှု၊ အပြန်အလှန်ချစ်ခင်မှု၊ ဂါရဝပြုတန်ဖိုးထားမှုများအား ယခင်ကထက် ပိုမိုအားကောင်းလာအောင် တည်ဆောက်ရင်း အာရက္ခတိုင်းပြည် တည်ဆောက်ရေးကို အတူတကွ ပူပေါင်းတည်ဆောက်သွားကြမည်ဟု တိုက်တွန်းကြောင်း ULA/AA က ထုတ်ပြန်ထားသည်။
ယင်းအပြင် သက္ကမလူမျိုးများ၏ အလေးအမြတ်ထား ပျော်ရွှင်ရသော အမျိုးသားနေ့နှင့်အတူ ကမ္ဘာ့အလယ်တွင် လူ့ဂုဏ်သိက္ခာနှင့်အညီ နေထိုင်နိုင်သော လူမျိုးတစ်မျိုးဖြစ်ပါစေဟုလည်း ဆုမွန်ကောင်းတောင်းကာ ဂုဏ်ပြုသဝဏ်လွှာပေးပို့ထားသည်။

