သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ကျောက်ဖြူတွင် ကယ်ဆယ်ရေးယာဥ်တန်းများကို စကမ က ပစ်ခတ်တိုက်ခိုက်

AB News – ဇန်နဝါရီ ၈၊ ၂၀၂၅
အောင်စိုး

စစ်ကော်မရှင်(စကမ) နှင့် အာရက္ခတပ်တော်တို့ နှစ်ဖက်တိုက်ပွဲပြင်းထန်ပြီး စစ်ဘောင်ကျယ်လာနေသည့် ကျောက်ဖြူတွင် စစ်ဘေးရှောင်အရေးကူညီဆောင်ရွက်ပေးနေသော ကယ်ဆယ်ရေးယာဥ်တန်းများကို စကမ မှ ပစ်ခတ်တိုက်ခိုက်နေကြောင်း ဒေသတွင်းကူညီကယ်ဆယ်ရေးလုပ်ကိုင် နေသူများက ပြောသည်။

လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများထောက်ပံ့ရန် သွားလာနေသည့် ယာဥ်တန်းများကို စကမ၏ တိုက်လေယာဥ်များနှင့် ပင်လယ်ပြင်တွင် ရပ်နားနေသည့် နေဗီများမှ လက်နက်ကြီးများ ရမ်းသန်းပစ်ခတ်နေကြောင်း မြေပြင်ကွင်းဆင်းကူညီပေးခဲ့သည့် ပရဟိတသမား ဝေဟင်အောင်က AB News ကို ပြောသည်။

“ကျနော်တို့ ကားနဲ့သွားတဲ့အချိန်မှာ အနောက်ကနေပြီး လေယာဥ်ဝဲပြီးတော့ လိုက်ပါတယ်။ လေယာဥ်က ပစ်လိုက်တဲ့ လက်နက်ကြီးတွေက ကျနော်တို့ကားနဲ့ ခပ်လှမ်းလှမ်းမှာကျပြီး ပေါက်ကွဲသွားပါတယ်။ ပြီးတော့ နေဗီကလည်း လက်နက်ကြီးတစ်လုံး လှမ်းပစ်ပါတယ်။ ဒါကတော့ ကျနော်တို့ရောက်ခဲ့တဲ့အချိန် စစ်မြေပြင်ရဲ့ အခြေအနေတွေပါ” ဟု သူက ဆိုသည်။

ယခင်ထက်ပို၍ မြို့ပတ်ဝန်းကျင်အနှံ့ တိုက်ပွဲဧရိယာ ကျယ်ပြန့်လာခြင်းအတူ စစ်ရှောင်ဦးရေတိုးလာနေကြောင်း ၎င်းက ထပ်လောင်းပြောသည်။

လက်ရှိကျောက်ဖြူတွင် စစ်ရှောင်ဦးရေ ၂ သောင်းခွဲဝန်းကျင်ရှိပြီး ကူညီကယ်ဆယ်‌ရေးများ အရေးပေါ်လိုအပ်နေ ကြောင်း ဆိုသည်။

“ပထမဆုံးတိုက်ပွဲစဖြစ်တော့ စစ်ရှောင်နေကြရတဲ့ ပြည်သူတွေ ရှိပါတယ်။ ကြက်တိန်၊ ဦးဂေါင်းစတဲ့ ရွာတွေအပြင် ဆွေမျိုးရှိတဲ့ ရွာတွေမှာလည်း စစ်ရှောင်ကြပါတယ်။ အဲဒီရွာတွေကလည်း စစ်ပွဲဧရိယာထဲဝင်ပါလာတော့ စစ်ရှောင်တွေက ပိုပြီးများသွားပါတယ်။ ဒီထဲမှာ တိုက်ပွဲတွေကြောင့် နေရာ ၃ နေရာအထိ စစ်ရှောင်လာရတဲ့ ပြည်သူတွေပါတယ်။ ပထမစစ်ရှောင်တော့ အိမ်ကနေပြီး ဝမ်းရေးအတွက် တစ်နိုင်တစ်ပိုင် ပစ္စည်းတွေ ပါလာတယ်။ အဲဒါတွေကို ထုခွဲရောင်းချပြီး ရွာတစ်ခုမှာ အခြေချတယ်။ အဲရွာကနေ ထပ်ပြီးစစ်ရှောင်ရတော့ သူတို့တွေမှာ ဘာမှမကျန်တော့ဘူး။ သူတို့တွေက ပိုပြီးတော့ ခက်ခဲနေကြပါတယ်။ ကျနော်တို့ ရထားတဲ့စာရင်းအရဆိုရင် လက်ရှိကျောက်ဖြူမြို့နယ်ထဲမှာ စစ်ရှောင်ဦးရေ ၂သောင်းခွဲ ဝန်းကျင် လောက်ရှိပါတယ်” ဟု ပြောသည်။

တစ်ဖက်တွင်လည်း စကမ ၏ လေကြောင်း၊ ရေကြောင်း နှင့် အထိုင်အမြောက်တပ်ရင်းများမှ ရမ်းသန်းပစ်ခတ်မှုများကြောင့် ရက္ခိုင်က လူမှုကယ်ဆယ်ရေးပရဟိတသမားများ အသက်ဆုံးရှုံးမှုများ ရှိနေသည်။

ယမန်နှစ် အောက်တိုဘာလ ၂၆ ရက်နေ့တွင်လည်း ပုဏ္ဏားကျွန်းမြို့အခြေစိုက် ဖြူစင်ရင်ခွင်ဖောင်ဒေးရှင်းမှ အသက် ၁၄ နှစ်အရွယ် မောင်ဌေးအောင်ဟိန်းမှာ ပုဏ္ဏားကျွန်းမြို့နယ်၊ ကွမ်းတောင်ကျေးရွာသို့ အရေးပေါ်လူနာသယ်ရန် ကားဖြင့်သွားစဥ် စကမ ၏ ဒရုန်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရသည်။

ယင်းအပြင် ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၀ ရက်( ကမ္ဘာ့လူ့အခွင့်အရေးနေ့) တွင် စကမ ဗုံးကြဲတိုက်ခိုက်ခဲ့သော မြောက်ဦးပြည်သူ့ဆေးရုံကြီးအတွင်း သေဆုံးပြည်သူများထဲမှာ မြောက်ဦးလူငယ်အစည်းအရုံးမှ ပရဟိတလုပ်ကိုင်နေသည့်လူငယ် ၄ ဦးပါဝင်ခဲ့သည်။

ရက္ခိုင်တွင် တိုက်ပွဲကာလအတွင်း စကမ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ဒေသတွင်း လူသားချင်းစာနာထောက်မှု အကူအညီပေးနေသည့် ပရဟိသသမား အနည်းဆုံး ၆ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ – ပုံဟောင်း

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ