
AB News – ဆောင်းပါး
ကျမနာမည် ချန်ဒြာပါ။
ကျွန်မဟာ ရက္ခိုင်ပြည်မှာ တကျော့ပြန်စစ်ပွဲကာလ စတင်ခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်နေ့မှာ ရူပဗေဒမေဂျာနဲ့ ပထမနှစ် တက်ရောက်နေတဲ့ တက္ကသိုလ်ကျောင်းသူတစ်ဦးပါ။ စာမေးပွဲအပြီး လမ်းခရီးတွေ မပိတ်ဆို့မီ ကံကောင်းထောက်မစွာနဲ့ အိမ်ပြန်ရောက်နေခဲ့ပေမဲ့ ကျွန်မရဲ့ သူငယ်ချင်း မြန်မာစာအသုတ်တွေကတော့ လမ်းမှာ ပိတ်မိပြီး စစ်ကောင်စီ (စစ်ကော်မရှင်) ရဲ့ အစစ်အဆေးတွေကို အလူးအလဲ ခံခဲ့ကြရပါတယ်။
အဲဒီကစပြီး ရက္ခိုင်ပြည်တဝန်းမှာ စစ်ပွဲတွေ ပြင်းပြင်းထန်ထန်ဖြစ်ပွားနေပါပြီ။ ပစ်ခတ်သံတွေကလည်း တောက်လျှောက်ကြားရ၊ မြင်ရ၊ ကိုယ်တိုင်လည့်ကြုံတွေ့ခဲ့ရပါတယ်။ အာရက္ခတပ်တော် AA နှင့် စစ်ကော်မရှင်တပ်နဲ့ နှစ်ဖက်တိုက်ပွဲတွေအပြန်အလှန်ဖြစ်ပွားနေပြီး အာရက္ခတပ်တော် AA ကလည်း ရက္ခိုင်ကမြို့တွေကို တမြို့ပြီး၊ တမြို့ စသိမ်းနေပါပြီ။
ကျမရဲ့ အတန်းဖော် သူငယ်ချင်းအချို့ကတော့ တိုက်ပွဲမှာပါဝင်ဖို့ လက်နက်ကိုင် လမ်းကို ရွေးချယ်သွားကြတယ်။ ကျမကိုလည်း သူတို့နဲ့အတူလိုက်ဖို့ တိုက်တွန်းခဲ့ကြပါတယ်။ ကျမဟာ သူငယ်ချင်းတွေနဲ့အတူ တိုက်ပွဲဝင်ဖို့လိုက်ရမလား၊ ဘာလုပ်ရမလဲ ဝေခွဲမရအောင် ဖြစ်နေခဲ့ပါတယ်။
ဒါနဲ့ နောက် ၂၀၂၄ ခုနှစ်ကိုရောက်လာခဲ့ပါပြီ။ ၂၀၂၄ ခုနှစ် ဩဂုတ်လမှာ ကျမဟာ ရက္ခိုင်ပြည်အခြေစိုက် သတင်းဌာနတစ်ခုဖြစ်တဲ့ Arakan Bay News မှာ အလုပ်သင်အဖြစ် အလုပ်စဝင်ခဲ့ပါတယ်။ အဲဒီအချိန်မှာ ဆိုရင်တော့ AA က ပလက်ဝဒေသအပါအဝင် ရက္ခိုင်က မင်းပြား၊ မြောက်ဦး၊ မြေပုံ၊ ကျောက်တော်၊ ဘူးသီးတောင်၊ သံတွဲနဲ့ ရမ်းဗြဲကို အပြီးသတ်တိုက်ခိုက်သိမ်းပိုက်ထားပါပြီ။ ကျန်တဲ့ မောင်တော၊ ဂွ၊ အမ်း၊ တောင်ကုတ်၊နဲ့ ကျောက်ဖြူမှာတော့ စစ်ပွဲတွေ စတင်ပြင်းထန်နေပြီပေါ့။
သတင်းလောကထဲကို စဝင်တဲ့ ၂၀၂၄ ဩဂုတ်လမှာပဲ ကျမဟာ လူမျိုးစုံ၊ ဘာသာကွဲပြားသူတွေစုံလင်တဲ့ မောင်တောမြို့ စစ်နယ်မြေကို ခြေချခဲ့ပါတယ်။ သတင်းသမားသွေးတွေ အပြည့်ပါသလားပဲ “ စစ်ပွဲဧရိယာရဲ့ အတွေ့အကြုံတွေ ကိုယ်တိုင်ကြုံတွေ့ခံစားကြည့်ချင်တယ်။ စစ်နယ်မြေထဲက ပြည်သူတွေရင်ဆိုင်နေရတဲ့ ဘဝတွေကို မှတ်တမ်းတင်ထားချင်တယ်။ လူ့အခွင့်အရေးကို ပြောင်ပြောင်တင်းတင်းကျူးလွန်ခံနေရတဲ့ စစ်နယ်မြေထဲက ပြည်သူတွေရဲ့ ရင်ထဲခံစားချက်တွေနဲ့ ရုန်းကန်လှုပ်ရှားနေကြရတာကို ကမ္ဘာ့တဝန်းက လူတွေကို တွေ့မြင်ခံစားစေချင်တဲ့အတွက် ကြောင့်ပေါ့။ တကယ်တမ်းပြောရမယ် ဆိုရင် အဲဒီရက္ခိုင်ပြည်ရဲ့ အနောက်ဘက်မြို့တော် မောင်တော်မြို့ဟာ မူဆလင်လက်နက်ကိုင်အဖွဲ့ (ARSA၊ ARA၊ RSO) တွေ ပေါများတဲ့ ဒေသလည်းဖြစ်ပါတယ်။
🖌သေနတ်သံတွေ၊ တိုက်လေယာဉ်သံတွေကြားက လမ်းခရီး
သေနတ်သံတွေ မကြားရသေးခင်ကတည်းက စစ်နယ်မြေဆိုတာနဲ့ ကျမဟာ ကြောက်စိတ်တွေတစ်လုံးတခဲဝင်နေခဲ့ပြီ။ ဒါပေမဲ့ သတင်းသမားတစ်ယောက်အနေနဲ့ “မမြင်ရင် မရေးနိုင်၊ မရောက်ရင်မသိနိုင်ဆိုတဲ့” တာဝန်သိစိတ်တစ်ခုနဲ့ မိန်းကလေးဖြစ်သော်ငြား လည်း စိတ်ကို ရဲဆေးတင်ပြီး ရှေ့ဆက်ခဲ့တယ်။
လမ်းမကြီးပေါ်မှာ စစ်ဆေးရေးဂိတ်တွေနဲ့ သေနတ်သံတွေကြားတော့ ငါအသက်ရှင်လျက် အိမ်ပြန်လာနိုင်ပါ့မလား ၊ တိုက်လေယာဉ် ဝဲသံတွေက ရင်ဖထဲထိတုန်ခါသွားစေတယ်။ ဗုံးကွဲသံတွေ ၊ လက်နက်ကြီးပစ်ခတ်သံတွေအောက်မှာ တိတ်ဆိတ်ငြိမ်သက်စွာနဲ့ ကျန်နေခဲ့တဲ့ ရွာတွေမှာ လူသူတွေကင်းမဲ့နေပါပြီ။ ရွာထဲကို ဝင်လိုက်တဲ့အခါ မြင်တွေ့ရတာက ပိတ်ထားတဲ့ ဆိုင်ခန်းတွေနဲ့ ဟောင်းလောင်းပေါက် ဖြစ်နေတဲ့ အိမ်ခေါင်မိုးတွေပါပဲ။ ‘ဒီရွာသားတွေ အိမ်ပြန်လာရင် ဘယ်အဆောက်အအုံမှာ နေကြမလဲ’ ဆိုတဲ့ အတွေးက ရင်ကို ခိုက်မိစေပါတယ်။ “ဒီရွာကလူတွေဘယ်ရောက်ကုန်ပြီလို့ AA တပ်ဖွဲ့ဝင်တစ်ဦးကို ကျမကမေးတော့ “စစ်ဘေးဒဏ်ကြောင့် ဘေးလွတ်ရာကို တိမ်းရှောင်ကုန်ကျပြီ” လို့ ပြန်ဖြေတယ်။
ဒီလိုနဲ့ သိပ်မကြာပါဘူး စစ်ကော်မရှင်လေတပ်ရဲ့ ဂျက်ဖိုက်တာတစ်စင်းက ပြည်သူတွေနေတဲ့ ရွာကို ဝဲပျံလာပြီး ဗုံးတွေ အဆက်မပြတ်ကြဲချတိုက်ခိုက်ပါတော့တယ်။ လက်နက်ကြီးသံတွေဟာလည်း တရစပ်ပါပဲ။ နောက်ပြီး စစ်ကော်မရှင်တပ်ဟာ မောင်တောမြို့ထဲက မြို့ခံပြည်သူတွေ သောင်းချီကို လူသားဒိုင်းကာအဖြစ်ဖမ်းဆီပိတ်လှောင်ထားပြီး မူဆလင်လက်နက်ကို အဖွဲ့တွေနဲ့ပူးပေါင်းကာ ပြည်သူတွေကို ဖမ်းဆီးနှိပ်စက်သတ်ဖြတ်တာ၊ အမျိုးသမီးငယ်တွေကို လိင်ပိုင်းဆိုင်ရာကျူးလွန်ကြတာ၊ ကုန်းဈေးနှုန်းတွေကို မတန်မရာဈေးတွေတောင်းပြီး ရောင်းချတာတွေကို ပြုလုပ်ခဲ့ပါတယ်။ ဆန်တစ်ကီလိုကို ၁၀၀၀၀ ကျပ်အထိ ဈေးခေါ်ခဲ့ကြတယ်လို့ ဒေသခံမူဆလင်အမျိုးသမီးတစ်ဦးက ရင်ဖွင့်ပြောဆိုပါတယ်။ ငတ်မွတ်ဒဏ်ကို မကျော်လွှားနိုင်ကြတဲ့ ပြည်သူတွေဟာ သူတို့ လိုရာမှာ ဆွဲကခံရတဲ့ ရုပ်သေးရုပ်လေးပမာဖြစ်ခဲ့ရပါတယ်။
မောင်တောမြို့၊ ချီတာပါရာကျေးရွာကနေ ထွက်ပြေးလွတ်မြောက်လာသူ ဒေါ်နိုကိုင်တာက သူမ ကြုံတွေ့ခဲ့ရတဲ့ ငရဲခန်းအတွေ့အကြုံကို ယခုလို ရင်ဖွင့်ပြောဆိုခဲ့ပါတယ်။
“အာဆာ (ARSA) တွေက ကျွန်မတို့ လူငယ်တွေကို အတင်းအဓမ္မ ခေါ်သွားတယ်။ ဆန်တစ်ကီလိုကို ၁၀,၀၀၀ ကျပ်ပေးဝယ်စားခဲ့ရတယ်။ ငြင်းဆန်ရင် ကျွန်မတို့ အဖေတွေ၊ ညီအစ်ကိုတွေကို ရိုက်နှက် သတ်ဖြတ်တယ်။ ကျွန်မတို့ ပိုက်ဆံတွေကိုလည်း လုယက်သွားကြတယ်။ AA ကတော့ လူမျိုးဘာသာ မခွဲခြားဘဲ ကျွန်မတို့ အသက်တွေကို ကယ်ခဲ့တာပါ။ ကလေးတွေနဲ့ အထုတ်အပိုးတွေကို ကူသယ်ပေးပြီး ဗုံးတွေကြားက လုံခြုံအောင် စောင့်ရှောက်ပေးခဲ့တယ်။ ကျွန်မတို့ AA နဲ့အတူတကွ သဟဇာတဖြစ်ဖြစ် နေထိုင်သွားချင်ပါတယ်” ဟု ငိုကြွေးရင်း သူမထွက်ပြေးလွတ်မြောက်လာတဲ့ ၂၀၂၄ ခုနှစ် ဩဂုတ်လ ၈ ရက်နေ့မှာ ပြောဆိုခဲ့တာပါ။
သူမနဲ့အတူ မောင်တောမြို့ထဲက ရက္ခိုင်၊ ခမီ၊ မူဆလင်၊ ဒိုင်းနက် အစရှိတဲ့ လူမျိုးပေါင်းစုံကို AA က ကယ်ထုတ်လာခဲ့တာဖြစ်ပါတယ်။ သူတို့ထွက်ပြေးလာတဲ့ ပုံရိပ်တွေ ကျမမြင်ရတော့ ခုနက လေယာဉ်သံ၊ လက်နက်ကြီးသံတွေကြောင့် ကြောက်စိတ်လွှမ်းမိုးနေတဲ့ကျမဟာ ဘယ်ကိုပျောက်လို့ ပျောက်သွားမှန်းမသိဖြစ်သွားခဲ့ရပါတယ်။ သူတို့ရဲ့ မျက်လုံးတွေမှာ ကြောက်စိတ်တွေ၊ ဝမ်းနည်းစိတ်တွေ၊ အားကိုးချင်တဲ့အကြည့်တွေကို အထင်းသားမြင်နေရပါတယ်။ ညနေ ၃ နာရီကျော်ခန့်လောက်ကနေ အသုတ်လိုက်၊ အသုတ်လိုက် ထွက်ပြေးလာကြတာပါ။
အဲ့ဒီထဲမှာ စစ်ရေးအကြောင်းကို ဘာမှမသိတဲ့ကလေးငယ်တွေ၊ အနာဂတ်မျိုးဆက်သစ်လေးတွေကို လွယ်ထားရတဲ့ ကိုယ်ဝန်ဆောင်မိခင်တွေ ပြီးတော့ နာမကျန်းဖြစ်နေတဲ့ အဖိုး၊အဘွားတွေကအစ ပါပါတယ်။ အဲဒီလို လမ်းမလျှောက်တတ်တဲ့ ကလေးငယ်တွေကို အားကောင်းမောင်းသန်လူတွေနဲ့ AA စစ်မေ၊ စစ်သားတွေက ပွေ့ချီ၊ ထမ်းပိုးပြီးတော့ ယူဆောင်လာတာ နေလုံးကြီးတောင် ပျောက်ကွယ်သွားပြီး လမိုက်ညကိုရောက်သွားခဲ့တယ်။
ဒါပေမယ့်လည်း စစ်ကော်မရှင်တပ်ရဲ့ နခခ ၅ ဘက်ကနေ လက်နက်ကြီးထုခွဲသံ ပစ်ဖောက်သံတွေက ညံနေဆည်းပါပဲ။ ကျမတို့က အဲဒီလူကယ်ထုတ်တဲ့နေရာကိုရောက်ဖို့ မူဆလင်ရွာ ၃ ရွာလောက်နဲ့ နခခ ၅ အနောက်ဘက် မီတာ (၂၃၀၀၀) ခန့်အကွာအဝေးရှိတဲ့ မြေသားလမ်းပေါ်ကနေ လမ်းလျှောက်သွားကြရတာပါ။ ကားသံတွေဆိုရင် သူတို့စခန်းကကြားနိုင်တဲ့အတွက်ကြောင့်ပေါ့။ နောက်နေ့မနက်ရောက်တော့လည်း ကျမတို့ဟာ အဲဒီလူကယ်ထုတ်တဲ့နေရာကို ပြန်သွားခဲ့ပါတယ်။ ဩဂုတ်လ ၉ ရက်နေ့ နေ့လည် ၁၁ နာရီခွဲအချိန်ခန့်လောက်မှာ ကျမကို AA စစ်မေ ၂ ဦးက လိုက်ပို့ခဲ့ပါတယ်။ နခခ ၅ အနောက်ဘက်က မြေသားလမ်းကို ဖြတ်လျှောက်သွားတဲ့အချိန်မှာ စခန်းဆောင်ကနေ Point 5 (သို့) စနိုက်ဘာနဲ့ ကျမတို့ကိုလှမ်းပစ်ပါတယ်။ ကံကောင်းစွာနဲ့၌ ဘယ်သူမှ မထိမှန်ခဲ့ပါဘူး။ ဒီလိုနဲ့ ကျမတို့ဟာ ဆက်လျှောက်သွားခဲ့ပါတယ်။ ၃ မိနစ်ဝန်းကျင်လောက်ပဲကြာပါတယ် စကမရဲ့ ဂျက်ဖိုက်တာတစ်စီး ဝဲပျံလာပြီး ဗုံးသီးဟာ ကျွန်မတို့ ခေါင်းပေါ်တည့်တည့်မှာ မြင်နေရတဲ့ ထိုအခိုက်အတန့်မှာတော့ အသက်ကို ဖဝါးမှာတင်ပြီး ဘုရားစာရွတ်ရင်း အလုအယက် ပြေးခဲ့ရပါတယ်။ ကျွန်မတို့ သတင်းသမားတွေဟာလည်း လူသားတွေမို့ ကြောက်တတ်ကြတာပါပဲ။ ဒါပေမဲ့ ဒီဒုက္ခတွေကို ကျွန်မတို့သာ မှတ်တမ်းမတင်ရင် အချိန်ကြာလာတာနဲ့အမျှ ပျောက်ကွယ်သွားပါလိမ့်မယ်။ ဒါကို ကျွန်မ မလိုလားပါဘူး။”
ဒီလိုနဲ့ ၂၀၂၄ ခုနှစ်ဒီဇင်ဘာလ ၆ ရက်နေ့မှာ AA က မောင်တောမြို့ရဲ့ စစ်ကော်မရှင်ထိန်းချုပ်တဲ့ နောက်ဆုံးလက်ကျန်စခန်းဖြစ်တဲ့ မြို့သူကြီး နခခ ၅ ကို အပြီးသတ်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပါတယ်။ စစ်စခန်းကျရှုံးသွားခဲ့ပေမယ့် မောင်တော်မြို့မှာတော့ ယခုထက်ထိ လက်နက်ပစ်ဖောက်သံတွေကြားနေရဆဲပါ။ ဒါဟာဘာကြောင့်လည်းဆိုတော့ အကြမ်းဖက်မူဆလင်လက်နက်ကိုင်အဖွဲ့တွေက ဘင်္ဂလာတစ်ဖက်ကမ်းမှာနေပြီး လစ်ရင်လစ်သလို မောင်တောမြို့က ဒေသခံပြည်သူတွေကို ခြုံခိုပစ်ခတ်တိုက်ခိုက်နေတဲ့အတွက်ပါ။
🖌 သေမင်းတမန် နခခ (၅) တပ်ရင်းအတွင်းသို့ ခြေချခြင်း
နခခ (၅) ကျရှုံးပြီး ၃ ရက်အကြာမှာ ကျွန်မ အဲဒီတပ်ရင်းထဲကို ဝင်ခဲ့ပါတယ်။ ဘာရှင်းလင်းရေးမှ မလုပ်ရသေးတဲ့ အချိန်ပေါ့။ ခြံစည်းရိုးက အကျယ်ကြီးပဲ၊ အထဲမှာ စစ်ကော်မရှင် စစ်သားနဲ့ မူဆလင်လက်နက်ကိုင် ၅၀၀ ကျော်လောက် နေခဲ့တဲ့နေရာပေါ့။ မြေပြင်မှာ ဝါယာကြိုးတွေ၊ ဘေးမှာ ဆွဲမိုင်းတွေကို မြင်လိုက်ရတော့ ကျွန်မ သွေးမရှိတော့သလို အေးစက်သွားတာပဲ။
ဒါပေမဲ့ “ပြည်သူတွေ ဘယ်လောက် နှိပ်စက်ခံခဲ့ရသလဲ” ဆိုတာကို ရှာဖွေချင်တဲ့စိတ်နဲ့ ဆက်သွားခဲ့တယ်။ အဲဒီမှာ မြင်ရတာက လူသားချင်းစာနာမှု အဖွဲ့အစည်း WFP က ပေးထားတဲ့ ဆန်အိတ်တွေကို သူတို့က ကာဗာကျင်းတွေအဖြစ် သုံးထားကြတာ။ ပိုဆိုးတာက ရက္ခိုင်လူမျိုးတွေ ကိုးကွယ်တဲ့ ဘုန်းကြီးသင်္ကန်းတွေ၊ ယပ်တောင်တွေကို တပ်ရင်းထဲမှာ ပစ်စလက်ခတ် တွေ့ရတာပါပဲ။ စစ်ရေးနဲ့မဆိုင်တဲ့ ဘုန်းကြီးတွေ၊ ပြည်သူတွေကို သူတို့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့တာလေ။
စစ်နယ်မြေပြင်မှာ နေထိုင်ရတာ တကယ့်ကို မလွယ်ကူပါဘူး။ အသက်ကို လောင်းကြေးထပ်ပြီးတော့ နေကြရတာပါ။ ကျမတို့သတင်းသမားတွေဟာလည်း လူသားတွေပါပဲ။ ကြောက်ကြတာပေါ့။ ဒါပေမဲ့ ဒီအကြောင်းအရာတွေကို ကျမတို့မဖော်ထုတ်ပေးခဲ့ရင် ၊ စစ်ရေးကာလအတွင်းပြည်သူတွေခံစားခဲ့ရတဲ့ ဒုက္ခသုက္ခတွေဟာ အချိန်အနည်းငယ်မှာ ပျောက်ကွယ်သွားမှာပါ။ ဒါကို ကျမ မလိုလားဘူး။ ကြောက်ရွံ့မှုရှိပေမယ့် “ဒီအသံတွေကို မဖော်ပြရင် ဘယ်သူကဖော်ပြမလဲ” ဆိုတဲ့မေးခွန်းက ကျမကို ဆက်လက်လုပ်ဆောင်ဖို့ တွန်းအားဖြစ်စေခဲ့တာပါ။
ဒီခရီးက ကျမအတွက်တော့ သတင်းသမားတစ်ယောက်အနေနဲ့သာမက လူတစ်ယောက်အနေနဲ့ပါပြောင်းလဲစေခဲ့တယ်။ စစ်ဆိုတဲ့ သတင်းခေါင်းစဉ်ထဲက စကားလုံးခေါင်းစဉ်တစ်ခုသာ မဟုတ်ဘဲ ပြည်သူတွေရဲ့နေ့စဉ်ဘဝကို တိုက်ရိုက်ထိခိုက်စေတဲ့ အဖြစ်မှန်တစ်ခုဆိုတာကို နားလည်လာတယ်။ စစ်ဒဏ်အောက်က ပြည်သူတွေကတော့ လူသားဆန်မှုနှင့် မျှော်လင့်ချက်က ဆက်လက်ရှင်သန်နေဆဲပါပဲ။