သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ကျောက်ဖြူမြို့နယ်မှ စစ်ဘေးရှောင် ၅၀၀၀ ကျော် စောင် ၊ ခြင်ထောင် နှင့် အိမ်သာခွက် များ အရေးပေါ်လိုအပ်နေ

AB News – ဒီဇင်ဘာ ၄ ၊ ၂၀၂၅
ဆိုဖီ

ရက္ခိုင်ပြည် ၊ ကျောက်ဖြူမြို့နယ်ရှိ စစ်ဘေးရှောင်စခန်းများတွင် စစ်ဘေးရှောင် ၅၀၀၀ ကျော်တို့မှာ စားဝတ်နေရေးအပြင် စောင် ၊ ခြင်ထောင် နှင့် အိမ်သာခွက်များ အရေးပေါ် လိုအပ်နေကြောင်း သိရသည်။

ကျောက်ဖြူမြို့ တိုက်ပွဲများကြောင့်  နေရပ်စွန့်ခွာ ထွက်ပြေးလာကြသည့် စစ်ဘေးရှောင်များမှာ ဆောင်းဝင်လာပြီဖြစ်၍ စောင် ၊ ခြင်ထောင် နှင့် အိမ်သာ (ဖောင်သာ) ခွက်များကို အရေးပေါ် လိုအပ်နေကြောင်း စစ်ဘေးရှောင်များအား ကူညီပေးနေသည့် ဗြဟ္မစိုရ် ဖောင်ဒေးရှင်းမှ တာဝန်ရှိသူ ၁ ဦးက AB News သို့ ပြောသည်။

“စားဝတ်နေရေးအပြင် ဆောင်းဝင်လာလို့ အအေးဒဏ်ကို  ခံစားနေရတယ်၊ သူတို့မှာ ဆောင်းရာသီရဲ့ အအေးဒဏ်ကို ရင်ဆိုင်ဖို့ စောင်တွေမရှိဘူး၊ ဒါကြောင့် ကလေးတွေနဲ့ သက်ကြီးပိုင်းအရွယ်တွေဆို ချမ်းလွန်းလို့ ကျန်းမာရေးထိခိုက်မှာလည်း စိုးရိမ်ရပါတယ်” ဟုပြောသည်။

ထို့ပြင် စစ်ဘေးရှောင်များ ခိုလှုံနေသည့် နေရာများတွင် ခြင်ပေါသောကြောင့် ခြင်ထောင်လည်း အရေးတကြီးလိုအပ်လျှက်ရှိ ၎င်းကဆက် ပြောသည်။

“ခြင်တွေက အရမ်းပေါပါတယ်။ အိပ်တဲ့ခါအဆို ပိုပြီးကိုက်တေ ၊ ခြင်ကနေ တုတ်ကွေးတို့ ငုက်ဖျားတို့ရောဂါတွေ ဖြစ်မှာလည်း ကြောက်ရပါတယ် ၊ ဒီမှာက လူအများနဲ့ နေရတာဆိုတော့ ကူးစက် ရောဂါတွေ ကြောက်ရတယ်” ဟုပြောသည်။

​များစွာသော စစ်ဘေးရှောင်များ အတွက် စစ်ဘေးရှောင်စခန်းများ၌  အိမ်သာမလုံလောက်မှု အိမ်သာခွက်မရှိမှုကြောင့် ပတ်ဝန်းကျင် သန့်ရှင်းရေး အားနည်းလာကာ ကူးစက် ဝမ်းရောဂါများ ဖြစ်လာမည်ကို စိုးရိမ်ရသဖြင့် လူမှုကူညီရေးအဖွဲ့များမှ အိမ်သာခွက်များ အကူအညီပေးရန်လည်း စစ်ဘေးရှောင်များကတောင်းဆိုနေကြသည်။

ကျောက်ဖြူတွင် အာရက္ခတပ်တော်နှင့် စစ်ကော်မရှင်အဖွဲ့တို့ကြား တိုက်ပွဲများ ဆက်လက်ပြင်းထန်နေပြီး စစ်ကော်မရှင်၏ လေကြောင်း၊ နေဗီများများမှ ပြည်သူများ နေထိုင်သည့် ကျေးရွာများကို လက်နက်ကြီးများ ပစ်ခတ်မှုများကြောင့် ပြည်သူများမှာ ဘေးလွတ်ရာ တိမ်းရှောင်နေကြရခြင်းဖြစ်သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ