AB News – ဒီဇင်ဘာ ၄၊ ၂၀၂၅
ရက္ခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်ရှိ ဂဏန်းတောင်စစ်ဘေးရှောင်စခန်းနှင့် ဂဏာန်းတောင်စိုက်ပျိုးရေးစစ်ဘေးရှောင်စခန်းများတွင် သောက်သုံးရေကန်များ စတင်ခမ်းခြောက်နေပြီဖြစ်၍ အခက်ကြုံတွေ့နေကြရသည်။
ဂဏန်းတောင် စိုက်ပျိုးရေးစစ်ဘေးရှောင်စခန်းတွင် အိမ်ခြေ ၃၀၀ ကျော်ခန့်ရှိပြီး ရေကန် ၂ ကန်ရှိကာ အဆိုပါရေကန်များမှာ နိုဝင်ဘာလမှစ၍ စတင်ခမ်းခြောက်လာခြင်းဖြစ်သည်။
သောက်ရေအိုး တစ်လုံးခန့်ရရှိရန်အတွက် အချိန်ကြာမြင့်စွာ စောင့်ရသောကြောင့် အဆင်မပြေသည့်အတွက် အနီးအနား ပြိုင်းတောချေကျေးရွာရှိ ရေကန်မှ သောက်ရေကို အကန့်အသတ်ဖြင့်ခပ်ယူသုံးစွဲနေရကြောင်း ဂဏန်းတောင်စိုက်ပျိုးရေး စစ်ဘေးရှောင်စခန်းမှ ခေါင်းဆောင်သစ် ဦးမောင်အေးထွန်း က AB News သို့ပြောသည်။
“ကျနော်တို့ စစ်ဘေးရှောင်စခန်းမှာ ရေကန် ၂ ကန်ရှိတဲ့အထဲ တစ်ကန်က ခမ်းသွားပြီး။ ဒါကြောင့် ပြိုင်းတောချေ ကျေးရွာကနေပြီးတော့ အကူအညီတောင်းပြီး နံနက် ၇ နာရီကနေ ၁၀ နာရီကျော် အချိန်ထိ ဖွင့်ပေးပြီးတော့ တစ်အိမ်ကို ရေအိုး ၂ လုံးစီ အကန့်အသတ်နဲ့လုပ်ပေးထားတယ်” ဟု ၎င်းက ဆိုသည်။
သောက်ရေကန်မှာ နိုဝင်ဘာလမှစတင်၍ ခမ်းခြောက်သွားခြင်းဖြစ်ပြီး နောက်ရေကန်တစ်ကန်မှာလည်း ရထားလမ်းမြောင်းကို တစ်ဖက်ပိတ်ဆည်၍ သိုလှောင်သုံးစွဲခြင်းဖြစ်သည့်အတွက် သောက်သုံးရန်အဆင်မပြေကြောင်းနှင့် ပြိုင်းတောချေကျေးရွာမှ အကန့်အသတ်ဖြင့်ခပ်ယူရသော သောက်ရေမှာလည်း ရွံ့ရေကဲ့သို့နောက်သည့်အတွက် သောက်သုံးရသည်မှာအဆင်မပြေကြောင်း ၎င်းက ထပ်လောင်းပြောဆိုသည်။
“နောက်တစ်ကန်ကလည်း ရထားလမ်းမြောင်းကို တစ်ဖက်ပိတ်ပြီး ရေသိုလှောင်ထားတဲ့ကန်ဖြစ်တယ်။ ဆိုတော့ သောက်လို့မရဘူး။ တခြားပြိုင်းတောချေရွာကနေအကူညီတောင်းထားတဲ့ ကန်ကလည်း တူးဖော်ထားတာမကြာသေးတဲ့အတွက်ကြောင့် တအားနောက်တယ်။ ရွံ့ကိုဖျော်ထားသလိုဘဲ။ ရေကိုအနေထိုင်သုံးကြပေမယ့်လဲ အဆင်မပြေဘူး” ဟု ဆိုသည်။
ဂဏန်းတောင်စစ်ဘေးရှောင်စခန်းတွင်လည်း စစ်ဘေးရှောင်အိမ်ခြေ ၁၀၀ ကျော်ခန့်ရှိပြီး ချက်ပြုတ်စားသောက်မည့်ရေမှာ အဆင်ပြေသော်လည်း သောက်သုံးရေအတွက်ဆိုလျှင် လူမှုကယ်ဆယ်ရေးအဖွဲ့အစည်းတစ်ခုမှ ပြုလုပ်ပေးထားသည့်အုတ်တွင်းမှ ထွက်ရေအနည်းငယ်ကို အကန့်အသတ်ဖြင့် ဝေမျှသုံးစွဲနေကြကြောင်း ပြောဆိုကြသည်။
ဒေသခံ စစ်ဘေးရှောင်တစ်ဦးက “ကျနော်တို့လည်း နိုင်သလောက်လည်း စမ်းပြီးတူးကြည့်ကြတယ်။ ဒါပေမယ့်ရေသိပ်မထွက်ဘူး။ တစ်နာရီဝန်းကျင်လောက်ကြာမှ ရေ ၂ လီတာလောက်ထွက်လို့လည်း ဒီလောက်လူဦးရေနဲ့ အဆင်မပြေဘူး” ဟု ဆိုသည်။
အဆိုပါဒေသများသည် နှစ်စဉ်နှစ်တိုင်း ရေရှားပါးမှုပြဿဖြင့် ရင်ဆိုင်ကြုံတွေ့နေကြရပြီး ယမန်နှစ်ကဆိုလျှင် ဒီဇင်ဘာလမှစ၍ ရေခမ်းခြောက်သွားသည့်အတွက် မြစ်ရေတင်ကာ သုံးစွဲကြရပြီး ရေမသန့်ရှင်းမှုကြောင့် ဖြစ်တတ်သော အရေပြားရောဂါနှင့် ဝမ်းရောဂါများကိုလည်းဖြစ်ခဲ့ကြကြောင်းဆိုသည်။
ရေရှားပါးသည့် စစ်ဘေးရှောင်စခန်းများတွင် ရေလံလောက်စာ ရရှိရေးအတွက် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၏ ရေအရင်းအမြစ်ရှာဖွယ်ရေးနှင့် ဆည်မြောင်းဦးစီးဌာနက ရေသိုလှောင်သုံးစွဲရန်အတွက် ရေကန်သစ်များအကောင်အထည်ဖော်တူးဖော်လျက်ရှိကြောင်းလည်း စစ်ရှောင်များက ပြောသည်။



