
AB News – ဒီဇင်ဘာ ၄၊ ၂၀၂၅
ဒေဝီ
ထိုင်းနိုင်ငံတွင် ရက္ခိုင်ပြည်၊ ရသေ့တောင်မြို့နယ်မှ ညီအစ်ကို ၂ ဦး သည် ဒီဇင်ဘာ ၁ ရက်နေ့တွင် ဘတ် ၆ သန်း ထိုင်းထီ ၂ စောင် ကံထူးသွားသဖြင့် ဘတ် ၁၂ သန်း (မြန်မာငွေ – ကျပ်သိန်းတစ်သောင်း ခြောက်ထောင်) ရရှိသွားသည်ဟု သိရသည်။
၎င်းတို့ ၂ ဦးမှာ ရသေ့တောင်မြို့နယ်မှ ဖြစ်ပြီး ထိုင်းနိုင်ငံ၊ ဟတ်ယိုင်မြို့နှင့် ကီလိုမီတာ ၁၀၀ ခန့်အကွာရှိ သစ်စက်ရုံ တစ်ခုတွင် အလုပ်လုပ်ကိုင်နေကြသူများဖြစ်ကာ ထိုင်းထီကံစမ်းခဲ့ရာမှ ကံထူးသွားခြင်းဖြစ်ကြောင်းသိရသည်။
ယမန်နေ့ ဒီဇင်ဘာ ၃ ရက်နေ့တွင် ဘန်ကောက်မြို့ရှိ ထီဆုထုတ်ယူရေးရုံးမှ ဆုငွေများကို ထုတ်ပေးလိုက်ပြီဖြစ်ကြောင်း ၎င်းတို့ကို ကူညီပေးသည့် AAC မဟာမိတ်အဖွဲ့ဝင် ဦးဘရီထံမှ သိရသည်။
ထိုင်းနိုင်ငံ၊ ဟတ်ယိုင်မြို့ ရေကြီးမှုအတွင်း ရေဘေးဒုက္ခကို ခံစားနေရရာမှ စားဝတ်နေရေး အခက်အခဲဖြစ်နေချိန်တွင် ထိုင်းထီကံထူးကာ ဘတ် ၁၂ သန်းရရှိသွားခြင်းဖြစ်သည်။
ထိုင်နိုင်ငံ တောင်ပိုင်းရေကြီးမှုအတွင်း ၎င်းတို့ ၂ ဦး နေထိုင်သည့် အလုပ်သမားတန်းလျားမှာ ရေထဲမျောပါသွားသဖြင့် ထိုင်းကယ်ဆယ်ရေးအဖွဲ့များက ကယ်ဆယ်ပေးခဲ့ရာ အသက်ဘေးက လွတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
၎င်းတို့ ညီအစ်ကို ၂ ဦးသည် ထိုင်းထီပေါက်သည့် ဘတ် ၁၂ သန်းထဲမှ ငွေကြေးအချို့ကို ရေဘေးဒုက္ခခံစားနေရသည့် အလုပ်သမားများကို ပြန်လည်ကူညီကာ အလှူအဒါန်းများ ပြုလုပ်သွားမည်ဟုလည်း သိရှိရသည်။