AB News – နိုဝင်ဘာ ၂၅၊ ၂၀၂၅
ရက္ခိုင်ပြည်၊ မောင်တောမြို့ပေါ် ရပ်ကွက်များတွင် ၂၀၂၄ ခုနှစ်၊ မေလမှ သြဂုတ်လအထိ ၄ လတာကာလ အတွင်း ရဟန်းတော်များအပါအဝင် အပြစ်မဲ့ အရပ်သားပြည်သူ ၆၄ ဦးထက်မနည်းကို စစ်ကော်မရှင် တပ်ဖွဲ့ဝင်များ နှင့် ARSA အစွန်းရောက် အဖွဲ့ဝင်များက ပူးပေါင်း၍ အကြမ်းဖက် သတ်ဖြတ်ခဲ့ကြောင်း AB News ၏ ကွင်းဆင်း စုံစမ်း ဖော်ထုတ်မှုများအရ သိရသည်။
စစ်ကော်မရှင်၏ မြို့သူကြီးအခြေစိုက် အမှတ် (၅) နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ (နခခ – ၅) စခန်းမှ စကမ တပ်သားများသည် ARSA နှင့် RSO အဖွဲ့များနှင့် ပူးပေါင်းကာ လူမျိုးဘာသာမရွေး ရက္ခိုင်၊ ဟိန္ဒူနှင့် မူဆလင်လူမျိုးများ ပါဝင်သော အရပ်သားပြည်သူများကို မတရားဖမ်းဆီးခြင်း၊ ညှင်းပန်းနှိပ်စက်ခြင်းနှင့် သတ်ဖြတ်ခြင်းများ ကျူးလွန်ခဲ့သည်။
မြို့ခံများ၏ ပြောကြားချက်အရ AA နှင့် တိုက်ပွဲဖြစ်ပွား နေစဥ်ကာလအတွင်း အရပ်သားများကို လမ်းမပေါ်တွင် ပစ်သတ်ခြင်း၊ နေအိမ်များအတွင်း ဝင်ရောက် သတ်ဖြတ်ခြင်း၊ ဓာတ်ဆီလောင်း မီးရှို့ခြင်းနှင့် တပ်စခန်းအတွင်းသို့ အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်ကာ သတ်ဖြတ်ခြင်းစသည့် ရက်စက်သည့်နည်းလမ်းများဖြင့် စစ်ရာဇာဝတ်မှုများ ဆက်တိုက် ကျူးလွန်ခဲ့ကြောင်း စုံစမ်း တွေ့ရှိရသည်။
စစ်ကော်မရှင် နှင့် အစွန်းရောက် လက်နက်ကိုင်အဖွဲ့များ၏ လက်ချက်ဖြင့် အကြမ်းဖက် သတ်ဖြတ်ခံရသူများအား AB News က စာရင်းဇယား အချက်အလက်များဖြင့် ဖော်ပြထားသည်။
စစ်ကော်မရှင်သည် ဘူးသီးတောင် နှင့် မောင်တောမြို့များကို ခုခံကာကွယ်ရန်အတွက် ARSA နှင့် အခြားအစွန်းရောက်အဖွဲ့များကို စုဆောင်း၍ စစ်သင်တန်းများ ပေးအပ်ကာ လက်နက်များ တပ်ဆင်ပေးခဲ့ကြောင်း သိရသည်။
တစ်ချိန်တည်းမှာပင်၊ မောင်တောမြို့တွင်း စစ်ကော်မရှင် နှင့် မူဆလင်လက်နက်ကိုင်အဖွဲ့များ၏ လူသားဒိုင်းကာအဖြစ် ပိတ်လှောင်ခံထားခဲ့ရသည့် ရက္ခိုင်၊ မူဆလင်နှင့် ဟိန္ဒူအပါအဝင် သောင်းချီသော အရပ်သားများကို AA က ၂၀၂၄ ခုနှစ်၊ သြဂုတ်လအတွင်း အသုတ်လိုက် ကယ်ထုတ် နိုင်ခဲ့သည်ကို မောင်တောအခြေစိုက် AB News ၏ သတင်းမှတ်တမ်းများတွင် ဖော်ပြခဲ့ပြီး ဖြစ်သည်။
အာရက္ခတပ်တော်သည် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၈ ရက်နေ့တွင် နခခ-၅ စခန်းကို အပြီးသတ် သိမ်းပိုက်ခဲ့ပြီး အမှတ်(၁၅) စစ်ဆင်ရေးကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ် သူရိန်ထွန်း အပါအဝင် စစ်သုံ့ပန်းများစွာကို ဖမ်းဆီးရမိခဲ့သည်။
အဆိုပါ တိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်သား ၄၅၀ ကျော် သေဆုံးခဲ့ကြောင်း AA က ဒီဇင်ဘာ ၁၀ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။
ယင်းနောက် မောင်တောမြို့သည် စစ်ကော်မရှင် ကင်းစင်သည့် နယ်မြေတစ်ခု ဖြစ်လာခဲ့ပြီး AA က အုပ်ချုပ်ရေးယန္တရားကို စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည်။
သို့သော် ARSA, RSO, ARA နှင့် RIM စသည့် အစ္စလာမ်မစ် စစ်သွေးကြွ အကြမ်းဖက်အဖွဲ့များသည် မောင်တောကို သိမ်းပိုက်ရန် ဘင်္ဂလားဒေ့ရှ်ဘက်မှ ရက္ခိုင်ဘက်သို့ စိမ့်ဝင်လှုပ်ရှားလာခဲ့သည်။
၎င်းအဖွဲ့များသည် ကျီးကန်းပြင်၊ ဝေလာတောင်၊ ကြိမ်ချောင်း၊ ဖားဝပ်ချောင်း၊ တောင်ပြို၊ နံ့သာတောင်နှင့် လိပ်ရလမ်းများကဲ့သို့သော တောတောင်ထူထပ်သည့် ဒေသများတွင် အရပ်သားများကို ခြုံခိုပစ်ခတ်ခြင်း၊ အတင်းအဓမ္မ ဖမ်းဆီးသတ်ဖြတ်ခြင်းများ ဆက်တိုက် ကျူးလွန်လျက်ရှိရာ AA နှင့် ထိပ်တိုက် တိုက်ပွဲများ မကြာခဏ ဖြစ်ပွားနေဆဲဖြစ်သည်။
လက်ရှိ စာရင်းပြုစုထားသော သေဆုံးသူ အရေအတွက် ၆၄ ဦးမှာ AB News မှ လက်လှမ်းမီသလောက် စာရင်းပြုစုထားခြင်းဖြစ်ပြီး၊ မောင်တောမြို့ပေါ် ရပ်ကွက်များနှင့် မြို့နယ်တစ်ခုမှ အချက်အလက်များသာ ပါဝင်သည်။
အခြားကျေးရွာများမှ သေဆုံး/ပျောက်ဆုံးမှုများ ပါဝင်လာပါက အရပ်သားသေဆုံးသူဦးရေ ပိုမိုများပြားနိုင်ကြောင်း ဒေသခံသတင်းရင်းမြစ်များ၏ ပြောကြားချက်အရ သိရသည်။




