သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
သံတွဲမြို့နယ်ရှိ စစ်ဘေးရှောင်များ လူသားချင်းစာနာထောက်ထားမှု အကူအညီများ လိုအပ်နေ

AB News – နိုဝင်ဘာ ၂၄၊ ၂၀၂၅
မျိုးဟိန်း

ရက္ခိုင်ပြည်၊ သံတွဲမြို့နယ်အတွင်းရှိ ဒေသခံစစ်ဘေးရှောင်ပြည်သူများမှာ လူသားချင်းစာနာထောက်ထားရေး အကူအညီ အထောက်အပံ့များ လိုအပ်နေကြောင်း ၎င်းမြို့နယ်တွင် စစ်ဘေးရှောင်အရေး ကူညီနေသည့် ငပလီကမ်းခြေပရဟိတအဖွဲ့ထံမှ သိရသည်။

စစ်ဘေးရှောင်များကို ပြည်တွင်းပြည်ပအလှူရှင်များမှ လှူဒါန်းမှု နည်းပါးလာသောကြောင့် ကူညီထောက်ပံ့မှုပေးနိုင်သည့် အခြေအနေမှာ နည်းပါးလာကြောင်း ငပလီကမ်းခြေပရဟိတအဖွဲ့မှ အသက် ၄၀ အရွယ် တာဝန်ရှိသူတစ်ဦးက AB News သို့ ပြောသည်။

“အခုကာလမှာက အလှူရှင်တွေ နည်းတော့ ဝင်ငွေတွေလည်း နည်းပါးပါတယ်။ ဆိုတော့ စစ်ရှောင်တွေရဲ့ အခြေအနေတွေကို ကြည့်ပြီး အရေးပေါ် လိုအပ်နေသူတွေကိုပဲ အရေးပေါ်ကူညီ ဖြစ်ပါတယ်။ အကူအညီ အထောက်အပံ့လိုနေတဲ့ သူတွေလည်း အများကြီးရှိပါတယ်။ ကျနော်တို့ကလည်း ပြည်တွင်းပြည်ပက အလှူရှင်တွေရှိမှ သူတို့တွေကို ကူညီထောက်ပံ့လို့ရတာပါ” ဟု ဆိုသည်။

လက်ရှိ ထိုစစ်ဘေးရှောင်များသည် စားနပ်ရိက္ခာ၊ ဆေးဝါးကူညီစောင့်ရှောက်မှုများအပြင် ဆောင်းရာသီရောက်ရှိလာသဖြင့် အနွေးအထည်များ လိုအပ်နေကြောင်း ၎င်းက ထပ်လောင်းပြောသည်။

“အဓိကလိုအပ်တာကတော့ စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေပါ။ အခု ဆောင်းဝင်လာပြီဆိုတော့ အနွေးအထည်တွေလည်း အရေးတကြီး လိုအပ်နေပါတယ်” ဟု ဆိုသည်။

အာရက္ခတပ်တော်၏ လူသားချင်းစာနာထောက်ထားရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံး
(HDCO) မှ ထိုစစ်ဘေးရှောင်များအား စားနပ်ရိက္ခာအဖြစ် ဆန်ထောက်ပံ့မှုများလည်း ရှိကြောင်း သိရသည်။

လက်ရှိ သံတွဲမြို့နယ်ကို အာရက္ခတပ်တော်မှ အလုံးစုံသိမ်းပိုက်ထားသော်လည်း စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုနှင့် ရေကြောင်းမှ လက်နက်ကြီးပစ်ခတ်မှု အန္တရာယ်ကြောင့် ကျေးရွာအချို့မှ ပြည်သူများ နေရပ်မပြန်နိုင်ဘဲ ယခုအချိန်အထိ စစ်ဘေးတိမ်းရှောင်နေကြရသည်။

ပြီးခဲ့သည့် လပိုင်းအတွင်းကလည်း ငပလီကမ်းခြေပင်လယ်ပြင်တွင် ရပ်တန့်ထားသည့် စစ်ကောင်စီ နေဗီမှ လက်နက်ကြီးပစ်ခတ်မှုကြောင့် ကမ်းခြေအနီးကျေးရွာများမှ ဒေသခံပြည်သူများ ထိခိုက်သေဆုံးခဲ့ရပြီး ဒဏ်ရာရရှိမှုများ ရှိခဲ့ကြောင်း သိရသည်။

သံတွဲမြို့နယ်တွင် ကျေးရွာအချို့မှ စစ်ရှောင်နေသည့် စစ်ဘေးရှောင်အိမ်ထောင်စု ၁၅၀၀ ကျော်ရှိပြီး လူဦးရေ ၅၀၀၀ ခန့်ရှိကြောင်း ငပလီကမ်းခြေပရဟိတအဖွဲ့၏ ပြောဆိုချက်အရ သိရသည်။

ထိုစစ်ဘေးရှောင်ပြည်သူများကို အရေးပေါ်အကူအညီထောက်ပံ့နိုင်ရန် ပြည်တွင်းပြည်ပအလှူရှင်များအား ငပလီကမ်းခြေပရဟိတအဖွဲ့မှ တောင်းဆိုထားသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်း အာရက္ခတပ်တော် ထိုးစစ်ဆင်တိုက်ခိုက်နေသည့် ကျောက်ဖြူမြို့နယ်တွင်လည်း စစ်ကောင်စီ၏ လက်နက်ကြီး၊ လေကြောင်းအပြင် မြေပြင်စစ်ကြောင်းထိုးမှုများကြောင့် ကျေးရွာ ၂၀ မှ လူပေါင်း ၁၅၀၀ ခန့် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

အဆိုပါ စစ်ဘေးတိမ်းရှောင်နေရသည့် ဒေသခံပြည်သူများမှာ လက်ရှိတွင် စားဝတ်နေရေးနှင့် အရေးပေါ်အထောက်အပံ့များ လိုအပ်နေကြောင်း Triple – T ၏ ထုတ်ပြန်ချက်အရ သိရသည်။

ရက္ခိုင်တွင် အာရက္ခတပ်တော်နှင့် စစ်ကောင်စီတို့ နှစ်ဖက်တိုက်ပွဲဖြစ်ပွားမှုကြောင့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှ ယခုနှစ် အောက်တိုဘာလအထိ နေရပ်စွန့်ခွာနေရသည့် ပြည်သူ ၆ သိန်း ၈သောင်းအထိ တိုးလာနေကြောင်း မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအင်စတီကျူ (ISP-Myanmar) ၏ အစီရင်ခံစာအရ သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ