
AB News – နိုဝင်ဘာ ၁၈၊ ၂၀၂၅
မောင်လိုကီ
အတင်းအဓမ္မ စစ်မှုထမ်းခဲ့ရသည့် စစ်ကော်မရှင်တပ်သား ၃ ဦး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်ရင်း ၈ ထံသို့ အလင်းဝင် ဘက်ပြောင်းခိုလှုံလာကြောင်း သိရှိရသည်။
၎င်းတို့မှာ ကော့သောင်မြို့ စကမ၏ ခမရ-၅၈၁ တပ်ရင်းမှ ကရင်အမျိုးသားအစည်းအရုံး( KNU )၊ ကော်သူးလေအုပ်ချုပ်မှုနယ်မြေ၊ ခလယ်လွီထူခရိုင်၊ မူးမြို့နယ်ရှိ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်ရင်း ထံ ဘက်ပြောင်းခိုလှုံခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဘက်ပြောင်းခို လှုံလာသူများမှာ တပ်သား မောင်သန့်ဇင်ထွန်း ၂၅နှစ်၊ တပ်သား ကျော်ဇင်ထွန်း ၂၃နှစ်နှင့် တပ်သား ပြည့်စုံထွန်း ၂၄နှစ် တို့ဖြစ်ကြသည်။
ပြီးခဲ့သည့် အောက်တိုဘာလ ၁၅ရက်နေ့တွင်လည်း စကမ၏ ခလရ ၇၅တပ်ရင်းမှ တပ်သား ၇ဦး KNLA တပ်ရင်း ၉ထံသို့ အလင်းဝင်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါအလင်းဝင်လာသူများမှာ ကျော်ဇေယျ ၂၂ နှစ်၊သီဟနိုင် ၂၇ နှစ်၊ အောင်မျိုးဦး ၃၆ နှစ်၊ စည်သူဟိန်း ၂၀ နှစ်၊ မောင်မှောက် ၂၆ နှစ်၊ သန်းနိုင်ဦး ၃၃ နှစ် နှင့် ရာဇာထက် ၂၄ နှစ်တို့ဖြစ်ကြောင်း သိရသည်။
စစ်ကော်မရှင်၏ အတင်းအဓမ္မ စစ်မှုထမ်းစေခိုင်းခံရသည့် တပ်သားများအနေဖြင့်လည်း မိမိတို့နှင့် နီးစပ်ရာ တော်လှန်ရေးတပ်ပေါင်းစုများထံသို့ လက်နက်ချအလင်းဝင်ပူးပေါင်းပေးကြရန် ကရင်အမျိုးသားအစည်းရုံး (KNU) အသိပေး တိုက်တွန်းထားသည်။
ပုံစာ – ခမရ ၅၈၁ မှ စကမ တပ်သားသုံးဦး KNLA တပ်ရင်း ၈ထံ ဘက်ပြောင်းခိုလှုံလာခြင်း။(Photos – Karen National Union)