သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မူစဲကမ်းကျွန်း ဗုံးကြဲတိုက်ခိုက်ခံရမှုအတွင်း အမျိုးသား ၁ ဦးပွဲချင်းပြီးသေဆုံး၊ ၂ ဦးဒဏ်ရာရ

AB News – အောက်တိုဘာ ၃၀၊ ၂၀၂၅
ချန်ဒြာ

ရက္ခိုင်ပြည်၊ ရသေ့တောင်မြို့နယ်၊ မူစဲကမ်းကျွန်းရှိ၊ အောက်ဇီးကိုင်းကျေးရွာကို စစ်တွေအခြေစိုက် စစ်ကော်မရှင်တပ်မှ ဒရုန်းဖြင့် ၃ ကြိမ်တိုင် ဗုံးကြဲတိုက်ခိုက်၍ အမျိုးသား ၁ ဦးပွဲချင်းပြီး သေဆုံးကာ ၂ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

သေဆုံးသွားသူမှာ အောက်ဇီးကိုင်းကျေးရွာမှ အသက် ၅၂ နှစ်အရွယ် ဦးထွန်းအေးလှိုင်ဖြစ်ကြောင်း သိရသည်။

စစ်ကော်မရှင်တပ်သည် အောက်ဇီးကိုင်းကျေးရွာကို ယနေ့ အောက်တိုဘာလ ၃၀ ရက်နေ့၊ နံနက် ၈ နာရီခွဲအချိန်ခန့်တွင် ဒရုန်းဖြင့် ၃ ကြိမ်တိုင် ဒရော့ဗုံး ၁၀ လုံးခန့်ကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံအမျိုးသား ၁ ဦးက AB News သို့ပြောသည်။

“ဒေနေ့ နံနက်ပိုင်းအချိန်လောက်က လာကြဲသွားတာ။ ဒရော့ဗုံး ၁၀ လုံး လောက်ရှိမယ် ထင်တယ်။ တအားထိတ်လန့်သွားတယ်။ လယ်တဲမှာရှိနေတဲ့ အမျိုးသား ၁ ယောက် ဆုံးသွားတယ်။ နောက်ထပ် ၂ ယောက်ကတေ့ာ ဗုံးစထိမှန်ပြီးတေ့ာ ဒဏ်ရာရသွားတယ်” ဟု ဆိုသည်။

ဗုံးစထိမှန်ဒဏ်ရာရရှိသွားသူ ၂ ဦးမှာ အသက် ၂၂ နှစ်အရွယ် ဖြိုးဝေထွန်းနှင့် အသက် ၃၈ နှစ်အရွယ် ဦးမောင်မောင်ဌေးတို့ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ဗုံးစထိမှန်ဒဏ်ရာရရှိသွားသူ ၂ ဦးမှာ အရေးပေါ်ဆေးကုသမှုခံယူနေကြောင်း သိရသည်။

ယနေ့ နေ့လယ် ၁နာရီကျော်ခန့်အချိန်တွင် စစ်ကောင်မရှင်သည် ပုဏ္ဏားကျွန်းမြို့အနီးတဝိုက်ကို ဂျက်ဖိုက်တာ နှစ်စီးဖြင့် ရော့ကတ် ၁၀ လုံးထက်မနည်း ကြဲချတိုက်ခိုက်ခဲ့ကြောင်းသိရသည်။

ပုဏ္ဏားကျွန်းမြို့ ဗုံးကြဲတိုက်ခိုက်ခံရမှုအတွင်း သေဆုံးဒဏ်ရာရရှိခြင်းမရှိကြောင်းနှင့် ထိခိုက်ပျက်စီးမှုအချို့ရှိကြောင်း ဒေသခံများက ဆိုကြသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ