AB News – အောက်တိုဘာ ၂၂၊ ၂၀၂၅
ချန်ဒြာ
ရက္ခိုင်ပြည်အတွင်းရှိ ဒေသခံပြည်သူအများစုမှာ စစ်ရေးပဋိပက္ခများကြောင့် အလုပ်အကိုင်ရှားပါးခြင်း ကြုံတွေ့နေကြ၍ ယခုလက်ရှိတွင် ဝမ်းရေးပြဿနာဖြေရှင်းရန်နှင့် အသားဟင်းလျာအတွက် အသုံးပြုရန် အိမ်တွင်း တနိုင်တပိုင် ဝက်မွေးမြူရေးလုပ်ငန်းကို ပိုမိုတွင်ကျယ်စွာ လုပ်နေကြသည်ကို တွေ့ရသည်။
ဝက်များကို အသားဟင်းလျာတခုတည်းအတွက် အသုံးပြုရောင်းချရန်မဟုတ်ဘဲ ဝက်သားပေါက်ဖောက်၍ ရောင်းချခြင်းများကိုလည်း အိမ်တွင်း စီးပွားရေးအဖြစ်ပြုလုပ်လာနေကြသည်ကို တွေ့ရသည်။
ယခင်နှစ်များက ဝက်သားပေါက်တစ်ကောင်မှာ ၁ သိန်းကျော်ခန့်သာ ပေါက်ဈေးရှိခဲ့သော်လည်း ယခုအချိန်တွင် ဝက်သားပေါက်တစ်ကောင်၏ ပေါက်ဈေးမှာ ငွေကျပ် ၄၅၀၀၀၀မှ ၅၀၀၀၀၀ ကျပ်ခန့်ထိ ဈေးကောင်းရရှိနေသည်။
အသားဟင်းလျာအတွက် ရောင်းချရန်မွေးမြူခြင်းထက် သားပေါက်ဖောက်ကာ ရောင်းချခြင်းက ပိုမိုအဆင်ပြေကြောင်း မြောက်ဦးမြို့နယ်မှ ဒေါ်ဖြူမဦး က AB News သို့ ပြောသည်။
“သားဖောက်မယ့်ဝက်ဆိုရင် ၆ လ ဝန်းကျင်လောက်ဆို မျိုးဖောက်လို့ရပြီ။ ကိုယ်ဝန်ဆောင်ကာလတော့ ၃ လကျော်၊ ၄ လလောက်အချိန်ကြာတယ်။ ဝက်သားပေါက်ဖောက်ရောင်းတာက ပိုပြီးအဆင်ပြေတယ်။ ဘာလို့ဆိုတော့ ပြုစုရတာလည်း အချိန်ကုန်သက်သာတယ်။ မွေးပြီး ၄၅ ရက်လောက်ဆို ရောင်းလို့ရပြီ။ စရိတ်စကလည်း သက်သာတယ်။ ဈေးကောင်းလည်းရတယ်ဆိုတော့ တွက်ခြေကိုက်တာပေါ့” ဟု ဆိုသည်။
ရောင်းချရန် သင့်တော်သော ဝက်တစ်ကောင် ရရှိရန် အချိန် ၁ နှစ်ခန့်ကြာ ပြုစုစောင့်ရှောက်ရပြီး၊ အစာစရိတ်များ မြင့်တက်လာခြင်းအပြင် ရောဂါကြိုတင်ကာကွယ်ဆေးများနှင့် Depo(ဒီပို) ဆေးတို့ထိုးနှံသည့် စရိတ်များနှင့် ယှဉ်ကြည့်မည်ဆိုလျှင် တွက်ခြေမကိုက်ကြောင်း အိမ်တွင်းဝက်မွေးမြူရေးပြုလုပ်သူတစ်ဦးက AB News သို့ပြောသည်။
“ဝက်စာချက်ဖို့တွက် ဆန်ခွဲ၊ ဆန်မုန့်နဲ့ ပုဇွန်ခြောက်မုန့်တွေကို အသုံးပြုပြီး အစာကြိုချက်ရတယ်။ ပြီးတော့ တနေ့ကို ၂ ကြိမ်အစာကျွေးရတယ်။ တချို့တွေဆိုရင် ဝက်စာကောက်ပြီး ကျွေးကြတာတွေရှိတယ်။ ကျမတို့မှာတော့ မကျွေးဘူး ရောဂါတွေကူးစက်မှာလည်း စိုးရိမ်တယ်” ဟု ဆိုသည်။
လက်ရှိတွင် ဆန်ခွဲ ၁ အိတ်ကို ငွေကျပ် ၄ သောင်းကျော်ခန့်ဈေးရှိပြီး၊ ဆန်မုန့် ၁ အိတ်ကို ငွေကျပ် ၁ သောင်းကျော်ပေးဝယ်ရကာ ယခင်နှစ်များနှင့် နှိုင်းယှဉ်လျှင် သိသိသာသာ ဈေးမြင့်တက်သွားကြောင်း ဒေသခံများ၏ ပြောဆိုချက်အရသိရသည်။
ထို့ပြင် ဝက်မွေးမြူရေးနှင့်ပတ်သက်၍ အချို့သော ဝက်မွေးမြူရေးလုပ်ကိုင်သူများသည် ဝက်များအား ကြီးထွားမှုမြန်စေရန် Depo (ဒီပို) ဆေးထိုးနှံခြင်းများကို လုပ်ဆောင်မှုများ ရှိပြီး အဆိုပါ ဆေးထိုးခြင်းက စားသုံးသူများအပေါ် ဘေးထွက်ဆိုးကျိုးများ ဖြစ်နိုင်ကြောင်း ကျန်းမာရေးနှံ့စပ်သူ ၁ ဦးက AB News သို့ မှတ်ချက်ပြု ပြောဆိုသည်။
“တချို့မွေးမြူရေး လုပ်ကိုင်သူတွေက မွေးထားတဲ့ တိရစ္ဆာန်တွေကို အလျှင်အမြန်ကြီးထွားစေဖို့တွက် Depo ဆေးတွေထိုးကြတာကို တွေ့ရတယ်။ တကယ်တော့ အဲဒီဆေးတွေက ဘေးထွက်ဆိုးကျိုးတွေရှိတယ်။ ဒီပို ဆေးထိုးထားတဲ့ ဝက်သားတွေကို စားလိုက်တဲ့အခါ စားသုံးတဲ့သူတွေဟာ သားဆက်နိုင်မှုကိုလျော့နည်းစေပြီး ကင်ဆာအန္တရာယ်ကိုလည်း ပိုတိုးလာစေတယ်” ဟု ပြောဆိုသည်။
ပတ်ဝန်းကျင်သန့်ရှင်းရေးအတွက်လည်း အိမ်တွင်းမွေးမြူရေးလုပ်ငန်းမှ ထွက်ရှိသော ဝက်ချေးများကို စနစ်တကျ စွန့်ပစ်ခြင်းဖြင့် လေထုညစ်ညမ်းမှုများမဖြစ်စေရန် သန့်ရှင်းရေးကို အထူးဂရုပြုလုပ်ဆောင်ရန် လိုအပ်ကြောင်း ဒေသခံများက ပြောဆိုကြသည်။
၎င်းအပြင် ရွာထဲတွင် မြေလွတ်မြေရိုင်းမရှိတော့သည့်အတွက် အမှိုက်သရိုက်များနှင့် ဝက်ချေး စွန့်ပစ်ရန်နေရာကိုလည်း သက်ဆိုင်ရာမှ စနစ်တကျချပေးရန်နှင့် ဈေးကြီးပေးဝယ်ယူနေရသော ဝက်ကာကွယ်ဆေးထိုးနှံစရိတ်များကြောင့် မွေးမြူရေးသမားများ အခက်အခဲကြုံတွေ့နေရသဖြင့် သက်ဆိုင်ရာဌာနများမှ ကာကွယ်ဆေးများကို အခမဲ့ထိုးနှံပေးရန် ဒေသခံများက လိုလားလျက်ရှိကြောင်း သိရသည်။
ပုံစာ – ရက္ခိုင်ပြည်အတွင်း ဝက်မွေးမြူရေး လုပ်ငန်းများ ဆောင်ရွက်နေခြင်း။





