
AB News- သြဂုတ် ၂၇၊ ၂၀၂၅
ဒေဝီ
ရက္ခိုင်ပြည်၊ပုဏ္ဏားကျွန်းမြို့နယ်၊ ငှက်ကြီးကျွန်းကျေးရွာတွင် အကြမ်းဖက် စစ်ကောင်စီ၏ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် နေအိမ် ၁ လုံး ပျက်စီးခဲ့ကြောင်း သိရသည်။
ယမန်နေ့ သြဂုတ် ၂၆ ရက်နေ့၊ နေ့လယ် ၁၂ နာရီ ၂၅ မိနစ်ခန့်တွင် စစ်တွေမြို့ပါဒလိတ်အခြေစိုက် စစ်ကောင်စီတပ်ရင်းမှ ပုဏ္ဏားကျွန်းမြိုနယ်ရှိငှက်ကြီးကျွန်းဘက်သို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ရာ နေအိမ် ၁ လုံး ပျက်စီးသွားကြောင်း ဒေသခံတစ်ဦးက ပြောသည်။
“ပါဒလိတ်ကနေပစ်တာ။ တောက်လျောက်ပစ်နေတာ။ အသံတွေအကျယ်ကြီးပဲကြားရတယ်” ဟု ဆိုသည်။
အဆိုပါနေအိမ်သည် အသက် ၅၅ နှစ်အရွယ်ရှိ ဦးခိုင်ကျော်ဦး၏ နေအိမ်ဖြစ်ပြီး တန်ဖိုးအားဖြင့် ကျပ်သိန်း ၃၀၀ ခန့်ရှိသည်။
လက်နက်ကြီးထိမှန်ချိန်တွင် အိမ်ပိုင်ရှင်နှင့် မိသားစုသည် စစ်ဘေးရှောင်နေသောကြောင့် လူအထိအခိုက်မရှိခဲ့ပေ။
” အဲ့လိုအိမ်တစ်ဆောင်ပြန်ရဖို့က ဒီခေတ်မှာမလွယ်တော့ဘူး။ ဒါတောင် အဲ့အိမ်ကလူတွေ စစ်ဘေးရှောင်နေလို့ လူမထိခိုက်တာ။ လူမသေတာပဲတော်လှပါပြီ” ဟု ဒေသခံ ၁ ဦးကပြောသည်။
ထို့အပြင် နေ့လယ်နှင့် ညပိုင်းအချိန်များတွင်လည်း စစ်ကောင်စီတပ်များက ပေါက်တောမြို့နယ်ဘက်သို့ လက်နက်ကြီးများ အကြိမ်ကြိမ် ပစ်ခတ်ခဲ့ကြောင်း သိရသည်။
အကြမ်းဖက် စစ်ကောင်စီသည် စစ်တွေမြို့နယ်၊ ပါဒလိတ်စခန်းမှ ပုဏ္ဏားကျွန်း၊ ပေါက်တောနှင့် ရသေ့တောင်ဘက်တို့ကိုလည်း လက်နက်ကြီးများဖြင့် မကြာခဏ ပစ်ခတ်လေ့ရှိသည်။
ပုဏ္ဏားကျွန်းမြို့နယ်သည် စစ်ကောင်စီနှင့် အာရက္ခတပ်တော် (AA) တို့အကြား စစ်ရေးတင်းမာမှုများ ဖြစ်ပွားနေသော စစ်တွေမြို့နယ်နှင့် အနီးဆုံးမြို့ဖြစ်သောကြောင့် ဒေသခံများသည် စစ်ကောင်စီ၏ ရေကြောင်းနှင့် လေကြောင်းတိုက်ခိုက်မှုအန္တရာယ်ကြောင့် ထွက်ပြေးတိမ်းရှောင်နေကြရသည်။
စစ်ဘေးရှောင်ရသည့် ကျေးရွာများတွင် တန်ပတ်လှန်း၊ ပဒေသာ၊ ဆင်အင်းကြီး၊ ဒီပါရုံ၊ ကွမ်းတောင်၊ ငှက်ကြီးကျွန်းနှင့် အလယ်ကျွန်းတို့ ပါဝင်ကြောင်း သိရသည်။
လက်ရှိအချိန်အထိ ရက္ခိုင်ပြည်ရှိ စစ်ရေးအခြေအနေမှာ တင်းမာနေဆဲဖြစ်ပြီး နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုများ ဆက်လက်ဖြစ်ပွားနေသောကြောင့် ဒေသခံပြည်သူများသည် ဘေးအန္တရာယ်နှင့် ကြုံတွေ့နေရဆဲ ဖြစ်သည်။