
AB News – သြဂုတ် ၇၊ ၂၀၂၅
ဒေဝီ
ရက္ခိုင်ပြည်၊ မြောက်ဦးမြို့နယ်၊ ဝေသာလီကျေးရွာတွင် စစ်ကျန်လက်ပစ်ဗုံးပေါက်ကွဲမှုတစ်ခုကြောင့် ဒဏ်ရာပြင်းထန်စွာရရှိခဲ့သည့် ကလေးငယ် ၄ ဦးသည် ဆေးကုသစရိတ်အတွက် အကူအညီလိုအပ်နေကြောင်း AB News က စုံစမ်းသိရှိရသည်။
သြဂုတ်လ ၃ ရက်နေ့၊ ညနေ ၃ နာရီခန့်တွင် ကလေးငယ်တစ်ဦးသည် လူမနေတော့သည့် အိမ်ပျက်တစ်လုံးမှ ဗုံးသီးတစ်လုံးကို တွေ့ရှိပြီး ယူလာကာ ပစ်ပေါက်လိုက်ရာ ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါပေါက်ကွဲမှုကြောင့် အသက် ၃ နှစ်အရွယ် မောင်မျိုးမြတ်ဖြိုးသည် ဒဏ်ရာပြင်းထန်မှုကြောင့် ဆေးရုံတွင် သေဆုံးသွားခဲ့သည်။
ကျန်ရှိသည့် ကလေးငယ် ၄ ဦးမှာလည်း ဗုံးအစအနများ ထိမှန်ခဲ့ပြီး ဆေးကုသမှုခံယူနေရဆဲဖြစ်ကာ မိသားစုများအတွက် ဆေးကုသစရိတ် အရေးပေါ် လိုအပ်လျက်ရှိသည်။
ဒဏ်ရာရရှိခဲ့သည့် ကလေးငယ်တစ်ဦး၏ မိသားစုဝင်တစ်ဦးက “စဖြစ်ကတည်းက ဆေးကုသစရိတ်က ကျပ် ၁၀ သိန်းလောက် ကုန်သွားပြီ။ ကျနော်တို့မှာ ပိုက်ဆံလည်းမရှိတော့ဘူး။ မုန့်ရောင်းပြီး စားနေရတာ။ ဆေးကုသစရိတ်တွေကလည်း အခုစျေးကြီးတယ်။ ဆက်ကုဖို့ မတတ်နိုင်တော့မှာကို စိုးရိမ်တယ်” ဟု ဆိုသည်။
ဒဏ်ရာရရှိသူ ကလေးငယ်များမှာ အဖ ဦးဇော်ဌေး၏သား အသက် ၁၂ နှစ်အရွယ် မျိုးဝင်းဦး (နားထင်ဒဏ်ရာရ) အဖ ဌေးဝင်း၏သား အသက် ၄ နှစ်အရွယ် ကျော်ဟိန်းထက် ( ချိုင့်ကြားဒဏ်ရာရ) အဖ ဦးကျော်သန်းဝင်း၏သား အသက် ၁၀ နှစ်၊အရွယ် ၄ တန်း ကျောင်းသား မောင်ဖြိုးငြိမ်းနိုင် ( ခန္ဓာကိုယ်ဒဏ်ရာရ) နှင့် အဖ အောင်တင်ချေ၏သား အသက် ၁၁ နှစ် ၅ တန်း ကျောင်းသား မောင်ကောင်းမြတ်ထွန်း ( ခန္ဓာကိုယ်) ဒဏ်ရာ တို့ဖြစ်ကြသည်။
သေဆုံးသွားသည့် ကလေးငယ် မောင်မျိုးမြတ်ဖြိုးသည် တိန်ညိုကျေးရွာမှ မိဘများနှင့်အတူ ဝေသာလီကျေးရွာသို့ အလည်အပတ် ရောက်ရှိနေခြင်းဖြစ်ပြီး၊ ဒဏ်ရာရရှိသူများမှာမူ ဝေသာလီကျေးရွာမှ ကလေးငယ်များဖြစ်ကြောင်း သိရသည်။