သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရက္ခိုင်တွင် မေလအတွင်း စစ်ကောင်စီ၏ ပစ်ခတ်တိုက်ခိုက်မှုနှင့် စစ်ကျန်မိုင်းကြောင့် ပြည်သူ ၂၆ ဦးသေဆုံး ၊ ၃၅ ဦးထက်မနည်း ဒဏ်ရာရရှိ

AB News – ဇွန် ၁ ၊ ၂၀၂၅
ချန်ဒြာ

ရက္ခိုင်ပြည်တွင် မေလအတွင်း အကြမ်းဖက် စစ်ကောင်စီ၏ ပစ်ခတ်တိုက်ခတ်မှုနှင့် စစ်ကျန်မိုင်းများကြောင့် ဒေသခံပြည်သူ ၂၆ ဦးသေဆုံးသွားခဲ့ရပြီး ၃၅ ဦးထက်မနည်း ဒဏ်ရာရရှိကာ နေအိမ်အများအပြားပျက်စီးသွားခဲ့ကြောင်း AB News ၏ စစ်တမ်းကောက်ချက်အရ သိရှိရသည်။

မေလ ၂၄ ရက်နေ့ ၊ နံနက်ပိုင်း ၉ နာရီအချိန်ခန့်တွင် ကျောက်ဖြူမြို့နယ် ဝါးနက်ချွန်ကျေးရွာနှင့် ကျောက်ပြားကျေးရွာနားကြားတွင်ရှိသော စစ်ကောင်စီနေဗီမှ ကျောက်ပြားရွာနှင့် ပြူးချွန်ရွာတို့ကို ဦးတည်ပြီး လက်နက်ကြီးကျည် ၁၀ လုံးထက်မနည်း ပစ်ခတ်တိုက်ခိုက်ခဲ့သည့်အတွက် စစ်ဘေးရှောင်အမျိုးသမီး ၁ ဦး ဒဏ်ရာရရှိသွားခဲ့သည်။

ထို့အပြင် မေလ ၂၂ ရက်နေ့ ၊ ညနေ ၃ နာရီခွဲအချိန်ခန့်တွင် ပလက်ဝမြို့နယ် ချင်းလက်ဝကျေးရွာတွင် အလုပ်လုပ်နေသော ဦးဝင်းနိုင်နှင့် ဦးကျော်လှိုင်တို့သည် ယခင်က စစ်ကောင်စီတပ်သားများ နေထိုင်ခဲ့သည့် စခန်းအနီးသို့ ဟင်းရှာသွားစဥ် မိုင်းနင်းမိ၍ ပေါက်ကွဲမှုဖြစ်ကာ ဦးဝင်းနိုင်မှာ ပွဲချင်းပြီးသေဆုံးသွားခဲ့ရပြီး ဦးကျော်လှိုင်မှာ ပြင်းထန်ဒဏ်ရာရရှိသွားခဲ့သည်။

ပြီးခဲ့သည့် မေလ ၁၃ ရက် ၊ ၁၄ ရက် နှင့် ၁၅ ရက်နေ့တို့တွင်လည်း အကြမ်းဖက် စစ်ကောင်စီက ကျောက်တော်မြို့ကို ၂ ကြိမ်နှင့် ရသေ့တောင်မြို့နယ် ထွန်းရဝေကျေးရွာကို ၁ ကြိမ် ၃ ရက်ဆက်တိုက် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ ထို့ကြောင့် အရပ်သားပြည်သူ ၂၀ ဦးသေဆုံးခဲ့ရပြီး ၃၇ ဦးပြင်းထန်ဒဏ်ရာရရှိသွားခဲ့ရသည်။

မေလ ၉ ရက်နှင့် ၁၀ ရက်နေ့တို့တွင်လည်း မောင်တောမြို့နယ်တွင် စစ်ကျန်ဗုံးသီးအား ထုခွဲမှုနှင့် စစ်ကျန်မိုင်းနင်းမိမှုကြောင့် ကျောင်းသား ၂ ဦးသေဆုံးသွားခဲ့ပြီး ၃ ဦးပြင်းထန် ဒဏ်ရာရရှိသွားခဲ့ကာ မေလ ၇ ရက်နေ့ နံနက် ၇ နာရီအချိန်ခန့်တွင်လည်း မြောက်ဦးမြို့နယ်တွင် စစ်ကျန်မိုင်း နင်းမိ၍ လူငယ် ၂ ဦးသေဆုံးသွားခဲ့ရသည်။

တရုတ်စီမံကိန်းများ တည်ရှိရာ ကျောက်ဖြူမြို့နယ်ရှိ သပြုတောင်ကျေးရွာနှင့် အချွန်းကျေးရွာကို စစ်ကောင်စီက မေလ ၆ ရက်နေ့ တွင် ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် လူနေအိမ်များ မီးလောင်ပျက်စီးခဲ့ရသည်။

ပြီးခဲ့သည့် မေလ ၅ရက်၊ မွန်းလွှဲပိုင်းအချိန်တွင်လည်း ကျောက်ဖြူမြို့နယ်တွင် စစ်ကောင်စီက တိုက်ပွဲဖြစ်ခြင်းမရှိသည့် မင်းတက်ချိန်ကျေးရွာနှင့် ဇင်ချောင်းကျေးရွာတို့ကို လေကြောင်းတိုက်ခိုက်ခဲ့သောကြောင့် အမျိုးသမီး ၂ဦး သေဆုံးပြီး အမျိုးသား ၃ဦး ဒဏ်ရာရရှိခဲ့ရသည်။

ရက္ခိုင်တွင် အဖက်ဖက်မှ ရှုံးနိမ့်နေသည့် အကြမ်းဖက် စစ်ကောင်စီသည် အပြစ်မဲ့အရပ်သားပြည်သူများနေထိုင်ရာ မြို့ရွာများကို ဦးတည်၍ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှုများကို ရည်ရွယ်ချက်ရှိရှိ နေ့စဥ်နေ့တိုင်း ပြုလုပ်လျက်ရှိနေ
သည်။

အာရက္ခဒေသအတွင်း မိုင်းနှင့် စစ်ကျန်လက်နက်အန္တရာယ် ပညာပေးဟောပြောပွဲများ၊ မိုင်းအန္တရာယ်ဆိုင်ရာ သတိပေးဆိုင်းဘုတ်များ၊ မိုင်းအန္တရာယ်ဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေခြင်းနှင့် မိုင်းရှင်းလင်းရေး လုပ်ငန်းများကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရအနေဖြင့် ဆက်တိုက် လုပ်ဆောင်နေသည်ကို တွေ့ရှိရသည်။

သို့သော်လည်း အခြားတဖက်တွင် စစ်ကျန်မိုင်း နှင့် စစ်ကျန်လက်နက် ပေါက်ကွဲမှုကြောင့် ဒေသခံပြည်သူများမှာ နေ့စဥ်နှင့်အမျှ အသက်အိုးအိမ် ဆုံးရှုံးနေကြရဆဲဖြစ်သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ