သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
စစ်မှုထမ်းအကျုံးဝင်သူများ ရက္ခိုင်ပြည်ပြင်ပသို့ မထွက်ခွာရဟု ULA တားမြစ်

AB News – မေ ၂၃၊ ၂၀၂၅

ရက္ခိုင်ပြည်အတွင်း မပြီးပြတ်သေးသော မြို့သိမ်းတိုက်ပွဲများကို အကန့်အသတ်ဖြင့် ဆင်နွဲနေချိန်တွင် အမျိုးသားကာကွယ်ရေးဆိုင်ရာအရေးပေါ်ပြဌာန်းချက်(NDEP)ဖြင့် စစ်မှုထမ်းအကျုံးဝင်သူများကို ရက္ခိုင်ပြည် ပြင်ပသို့ ထွက်ခွာရန် ကြိုးပမ်းမှုများကို သွားလာခွင့်မပြုဘဲ စစ်ရေးတည်ငြိမ်သည့် အချိန်ထိ တားမြစ်လိုက်သည်ဟု ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်(ULA) ယမန်နေ့ မေလ ၂၂ ရက်တွင် ထုတ်ပြန် ကြေညာခဲ့သည်။

အမျိုးသားကာကွယ်ရေးဆိုင်ရာအရေးပေါ်ပြဌာန်းချက် (National Defense Emergency Provision – NDEP) ကို ၂၀၂၅ ခုနှစ် မတ်လ ၁၈ ရက်နေ့တွင် စတင်ပြဌာန်းခဲ့ပြီး ထိုပြဌာန်းချက်အပေါ် သေချာစွာနားမလည်ဘဲ အဓိပ္ပာယ်ကောက်လွှဲမှားကာ တိုင်းပြည်တာဝန်ထမ်းဆောင်မှုကို ရှောင်လွှဲရန် ကြိုးစားအားထုတ်နေသူများ ရှိသောကြောင့် စည်းကမ်းထုတ်ကာ ကန့်သတ်လိုက်ရခြင်း ဖြစ်သည်ဟု ဆိုသည်။

ထိုသို့ တိုင်းပြည်တာဝန် ထမ်းဆောင်ရန် ပုံစံအမျိုးအမျိုးဖြင့် ရှောင်လွှဲနေကြပြီး ရက္ခိုင်ပြည်ပသို့ ထွက်ခွာရန် ကြိုးစားနေသူများကို တားမြစ်၍ စည်းကမ်းချက် ၄ ခုကို ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်က ထုတ်ပြန်ထားသည်။

ကျိုးကြောင်းဆီလျော်မှုရှိသော အကြောင်းပြချက်များဖြင့် အာရက္ခဒေသအတွင်းမှ နေရပ်စွန့်ခွာပြီး သွားလိုသူများနှင့် အမျိုးသားကာကွယ်ရေးဆိုင်ရာ အရေးပေါ်ပြဌာန်းချက် (NDEP) အရ စစ်မှုထမ်းရန်အကျုံးဝင်ပြီး စစ်မှုမထမ်းလို၍ အာရက္ခဒေသ၏ ပြင်ပသို့ ထွက်ပြေးရန် ကြိုးစားသူများကို သွားလာခွင့်မပြုဘဲ တည်ငြိမ်သော စစ်ရေးအခြေအနေတစ်ခုသို့ ရောက်ရှိလာသည့်အထိ တားမြစ်ထားသည်။

အာရက္ခပြည်သူ့ကျန်းမာရေးဌာနမှ ကုသမပေးနိုင်သည့် ပြင်းထန်ရောဂါရှိသော လူနာများ၊ အသက်အန္တရာယ်စိုးရိမ်ရသည့်လူနာများမှလွဲ၍ နေရပ်စွန့်ခွာသွားလိုသူများသည် NDEP ပြဌာန်းချက်ပါ အသက်အရွယ် (မ ၁၈ နှစ်မှ ၂၅ နှစ်အထိ၊ ကျား ၁၈ နှစ်မှ ၄၅ နှစ်အထိ) အတွင်း အကျုံးဝင်သောသူများကို သွားလာခွင့်မပြုဘဲ လက်ရှိတိုက်ပွဲများကြောင့် ဖြစ်ပေါ်လာသော အရေးပေါ်ကာလပြီးဆုံးချိန်အထိ တားမြစ်လိုက်သည်ဟု ထုတ်ပြန်ထားသည်။

အာရက္ခဒေသအတွင်းမှ နေရပ်စွန့်ခွာပြီး သွားလိုသူများကို ကုန်းလမ်း၊ ရေလမ်းများမှ အခကြေးငွေယူ၍ သယ်ယူပို့ဆောင်ပေးနေသူများကို တားမြစ်လိုက်ပြီး တွေ့ရှိပါက တည်ဆဲဥပဒေအရ အရေးယူခြင်း ခံရမည်ဟု ဆိုထားသည်။

အခြေခံစားသောက်ကုန် ရောင်း/ဝယ် ကုန်သည်များ၊ နွားကုန်သည်များ၊ နွားအချ၊ အငှားလိုက်သူများ၊ ကုန်သည်များအနေဖြင့် သွားလာသည့်အချိန်တွင် လူပိုများခေါ်ဆောင်ခြင်း၊ အခကြေးငွေယူ၍ လူကယ်ရီပို့ဆောင်ခြင်း လုံးဝမပြုလုပ်ရန် တားမြစ်လိုက်ကြောင်း ဖော်ပြထားသည်။

စစ်ကောင်စီထိန်းထားသည့် နေရာများတွင် ရက္ခိုင်လူမျိုးမှတ်ပုံတင် ကိုင်ဆောင်ထားသူများကို ရည်ရွယ်ချက်ရှိရှိ ဖမ်းဆီးပြီး ငွေညှစ်နေမှု၊ ပြန်ပေးဆွဲထားသကဲ့သို့ ဖမ်းဆီးထိန်းသိမ်းထားမှု၊ ပုဒ်မအမျိုးမျိုးတပ်၍ ထောင်ချနေမှု၊ လူသတ်အလောင်းဖျောက်နေမှုများ အန္တရာယ်မှ ကင်းလွတ်စေရန်အတွက်လည်း တားမြစ်ရခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

အာရက္ခဒေသ၏ မြို့သိမ်းတိုက်ပွဲများအတွင်း စစ်ကောင်စီမှ ထောင်ထားသော စွန့်လွှတ်မိုင်းများ မနင်းမိစေရန်အတွက်လည်းကောင်း၊ စစ်ကောင်စီထိန်းချုပ်ထားသော မြို့များသို့ ရောက်ရှိပါက စစ်မှုထမ်းရန် စုဆောင်းရေးမခံရစေရန်လည်းကောင်း၊ လူမှောင်ခိုဂိုဏ်းများ၊ ကျားဖြန့်ဂိုဏ်းများ၏ လက်ထဲသို့ မရောက်ရှိစေရန်လည်းကောင်း၊ ရက္ခိုင်ရိုးမနယ်စပ်တလျှောက် တိုက်ပွဲများဆက်လက်ရှိနေဆဲဖြစ်သောကြောင့် တိုက်ပွဲများအတွင်း ကြားမညှပ်စေရန်လည်းကောင်း အစရှိသည့် လူ၊ မိုင်းအန္တရာယ်များမှ ကင်းလွှတ်စေရန် ရည်ရွယ်ကြောင်းလည်း ဆိုထားသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ