AB News – ဧပြီ ၂၆၊၂၀၂၅
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ လတ်စီခရိုင်၊ ထုန်းဆုန်ဟုန်မြို့နယ်မှ ကွန်ဒိုတိုက်ခန်းတစ်ခုတွင် ကရင်အမျိုးသားအစည်းရုံး KNUထံသို့ပို့ဆောင်မည် လက်နက်ခဲယမ်းများကို ယမန်နေ့ ဧပြီလ ၂၅ ရက်နေ့တွင် ထိုင်းရဲတပ်ဖွဲ့ဝင်များက ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းသတင်းဌာနအချို့တွင် ဖော်ပြထားသည်ကို တွေ့ရှိရသည်။
ထုန်းဆုန်ဟုန်မြို့နယ်၊ ဆွိုင်ချိန်းဝတ္တနာ ၁၂ လမ်းသွယ် ၂ ရှိ ကွန်ဒိုတိုက်ခန်းတစ်ခုတွင် စစ်လက်နက်များ သိုဝှက်ထားသည်ဟု သတင်းရရှိထားခြင်းကြောင့် ထုန်းဆုန်ဟုန်မှ ရဲတပ်ဖွဲ့ဝင်များ ဝင်ရောက်စီးနင်းရှာဖွေခဲ့ရာ လက်နက်နှင့် ကျည်ကတ်များကို ဖမ်းဆီးရမိခဲ့သည်ဟု ထိုင်းရဲတပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။
ဖမ်းဆီးရမိသည့် တိုက်ခန်းတွင် နေထိုင်သူမှာ ပြီးခဲ့သည့် ဧပြီလ ၁၂ ရက်နေ့က စပြီး အခန်းမှထွက်ခွာသွားကာ ယခုအချိန်ထိ ပြန်မလာသေးဟု ကွန်ဒိုအဆောက်အဦးမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားကြောင်း ထိုင်းသတင်းဌာနတွင်ဖော်ပြသည်။
ပြီးခဲ့သည့်ဧပြီလ ၂၃ ရက်နေ့ကလည်း ထိုင်းနိုင်ငံ၊ချင်းမိုင်မြို့ရှိ Khlong Chonprathanလမ်းပေါ်၌ KNU သို့ ပို့ဆောင်မည် လက်နက်ခဲယမ်းများနှင့်အတူ ထိုင်းနိုင်ငံသား နှစ်ဦးအား ဖမ်းဆီးရမိခဲ့သည်ဟု ထိုင်းရဲတပ်ဖွဲ့မှ ထုတ်ပြန်ခဲ့သည်။