ကျောက်တော်မြို့ကို စစ်ကောင်စီ (၄)ကြိမ် ဗုံးကြဲတိုက်ခိုက်

AB News – ဧပြီ ၁၉၊ ၂၀၂၅
ရက္ခိုင်ပြည်၊ ကျောက်တော်မြို့ကို ယနေ့ ဧပြီလ ၁၉ ရက်၊ နံနက် ၃ နာရီခန့်အချိန်တွင် စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် (၄)ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။
ယနေ့ နံနက် ၂နာရီ ၃၈ မိနစ်တွင် ပထမကြိမ်နှင့် ၄၂ မိနစ်တို့တွင် ဒုတိယအကြိမ် ပေါင် ၅၀၀ ဗုံး ၂ လုံး ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ ထို့အပြင် နံနက် ၂ နာရီ ၄၇ မိနစ်တွင် တတိယအကြိမ်နှင့် ၅၁ မိနစ်အချိန်တွင် စတုတ္ထအကြိမ် အတွဲလိုက်ဗုံးများဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။
ဗုံးကြဲတိုက်ခိုက်မှုအတွင်း ထိခိုက်ပျက်စီးမှုအခြေအနေများကို မသိရှိရသေးပေ။ ထိခိုက်ပျက်စီးမှုများကို AB News မှ ဆက်လက်၍ တင်ပြသွားပါမည်။
ပြီးခဲ့သည့် ဧပြီလ ၁၃ ရက်နေ့တွင်လည်း ကျောက်တော်မြို့ကို စစ်ကောင်စီအဖွဲ့က ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် အသက်မပြည့်သေးသည့် ကလေး ၁ဦးအပါအဝင် အမျိုးသမီး ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး လူနေအိမ် ၅ လုံးထက်မနည်း ပျက်စီးခဲ့ရသည်။