AB News – အောက်တိုဘာ ၁၉ ၊ ၂၀၂၄
ရက္ခိုင်ပြည် ၊ မောင်တောမြို့နယ် ၊ ဒုညောင်ပင်ကြီးကျေးရွာကို စစ်ကောင်စီ ရေတပ်နေဗီက လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့မှုကြောင့် စစ်ဘေးရှောင်မူဆလင် ၄ ဦးနှင့် ဒေသခံမူဆလင် ၁ ဦးတို့ ကျည်စထိမှန်၍ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ယနေ့၊ အောက်တိုဘာလ ၁၉ ရက် ၊ ညဥ့် ၁ နာရီ ၁၀ မိနစ်အချိန်တွင် အုန်းကျွန်း ခေါ် ( စိန့်မာတင်ကျွန်း )အနီး ပင်လယ်ပြင်တွင် အခြေချတပ်စွဲထားသည့် စစ်ကောင်စီ၏ နေဗီမှ ဒုညောင်ပင်ကြီးကျေးရွာသို့ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း မူဆလင်အရပ်သားတစ်ဦးက AB News သို့ပြောသည်။
“ဒီနေ့ညဥ့် ၁ နာရီကျော်လောက်မှာ လက်နက်ကြီးကျတာပါ၊ စိန့်မာတင်ကျွန်းနားမှာ စစ်ကောင်စီနေဗီရှိတယ်။ အဲဒီဖက်က ပစ်တာ။ အားလုံး အိပ်ပျော်နေချိန်မှာ လက်နက်ကြီး ပေါက်ကွဲသံကြားလို့ လန့်ပြီးနိုးလာကြတယ်” ဟု ဆိုသည်။
ဒဏ်ရာရရှိသောမူဆလင်များမှာ –
(၁) ဒုညောင်ကြီးကျေးရွာမှ အဖ နုရ်အီဆာလမ်၏သား အသက် ၄၂ နှစ်အရွယ် အေနာမိုလ်ဟာဆောင် (ညာဘက်လက်မောင်းတွင် ဒဏ်ရာရ) ၊
(၂) ကညင်တန်းရပ်ကွက်မှ ဒုညောင်ပင်ကြီး ကျေးရွာတွင် လာရောက်စစ်ဘေးရှောင်နေသော အဖ အမတ်ခေါ်ဘီရ်၏သမီး အသက် ၁၇ နှစ်အရွယ် ရာဘီယာဘော်ဆော်ရီ (ညာဘက်တင် ဒဏ်ရာရ) ၊
(၃) အဖ အာမတ်ခေါ်ဘီရ်၏သား အသက် ၂၉ နှစ်အရွယ် မာမတ်အယာစ် (ဘယ်ဘက်ဒူးဆစ်အောက်ဒဏ်ရာရ) ၊
(၄) အဖ ဟူဆောင်းအာမတ်၏သား အသက် ၃၄ နှစ်အရွယ် မာမတ်အီနစ် (ဘယ်ဘက်ခြေဖဝါး ပွန်းပဲ့ဒဏ်ရာရ) ၊
(၅) ကညင်တန်းရပ်ကွက်မှ ဒုညောင်ပင်ကြီး ကျေးရွာတွင် လာရောက်စစ်ဘေးရှောင်နေသော အဖ အဒူဟော်လိလ်၏သား အသက် ၆၅ နှစ်အရွယ် အမတ်ခေါ်ဘီရ် (ညာဘက်လက်မောင်း နှင့် ခါးဆစ်ဒဏ်ရာရ) တို့ဖြစ်ကြသည်။
ဒုညောင်ပင်ကြီး ကျေးရွာတွင် စစ်ဘေးရှောင်နေသော မူဆလင်များမှာ ပြီးခဲ့သည့် ဇွန်လ ၉ ရက်နေ့တွင် အာရက္ခတပ်တော် AA က မောင်တောမြို့ထဲမှ ကယ်ထုတ်လာသူများဖြစ်ကြောင်း သိရသည်။
မောင်တောမြို့ နခခ ၅ တွင် အာရက္ခတပ်တော်နှင့် စစ်ကောင်စီတို့ကြား တိုက်ပွဲ ပြင်းထန်နေဆဲ ဖြစ်ကာ စစ်ကောင်စီဘက်က နေဗီနှင့် လေကြောင်း ပစ်ကူများဖြင့် အရပ်သားများ နေထိုင်သို့ ကျေးရွာများအား ရယ်ရွယ်ချက်ရှိရှိ ပစ်ခတ်မှုများ ရှိနေသည်ကိုလည်း တွေ့ရသည်။