
AB News – စက်တင်ဘာ ၅၊ ၂၀၂၆
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်တွင် ကာလတန်ဖိုး ရူပီး ၁၁ ဒသမ ၄ ကုဋေခန့် တန်ဖိုးရှိသည့် မက်သ်အမ်ဖက်တမင်း (Methamphetamine) ဆေးပြားများနှင့်အတူ မြန်မာနိုင်ငံသားတစ်ဦးကို ဖမ်းဆီးရမိခဲ့သည့်အပြင် တရားမဝင် ကွမ်းသီးခြောက်နှင့် ဒေသထုတ်အရက်များကိုပါ ဖမ်းဆီးရမိခဲ့ကြောင်း တာဝန်ရှိသူများက ပြောသည်။
ပြီးခဲ့သည့် စက်တင်ဘာ ၂ ရက်က မီဇိုရမ်ပြည်နယ်၊ ဆယ်ရ်ချစ် (Serchhip) ခရိုင်ရှိ တွီးချောင်း (Tuichang) တံတား၌ မက်သ်အမ်ဖက်တမင်း ဆေးပြား ၁ သိန်းခွဲခန့် (အလေးချိန် ၁၄ ဒသမ ၂၆ ကီလိုဂရမ်) ကို အာာဏာပိုင်များက ဖမ်းဆီးရမိခဲ့သည်။ အဆိုပါ မူးယစ်ဆေးဝါးများကို သယ်ဆောင်လာသူမှာ မြန်မာနိုင်ငံ၊ ချင်းပြည်နယ်၊ ဖလမ်းမြို့တွင် နေထိုင်သည့် လယ်လ်ပန်လီယာနာ (Lalpanliana) ဆိုသူဖြစ်ကြောင်း သိရသည်။
ထို့အပြင် ခေါဇောလ် (Khawzawl) ရဲတပ်ဖွဲ့က စက်တင်ဘာ ၃ ရက်တွင် ခေါဇောလ်ခရိုင်၊ ချောင်းတလိုင် (Chawngtlai) ကျေးရွာအနီး၌ ကုန်တင်ယာဉ်တစ်စီးကို စစ်ဆေးစဉ် တစ်အိတ်လျှင် ၈၀ ကီလိုဂရမ်ခန့်ပါ ကွမ်းသီးခြောက် အိတ် ၁၈၀ (စုစုပေါင်း ရူပီး ၃၆ သိန်းခန့်တန်ဖိုးရှိ) ကို ဖမ်းဆီးရမိခဲ့သည်။
အလားတူ လွန်းလေ (Lunglei) ခရိုင်၊ ဟောရောက် (Hauruang) ကျေးရွာတွင်လည်း လူနှစ်ဦးထံမှ ဒေသထုတ်အရက် ၆၃၃ ဒသမ ၃ လီတာကို လွန်ခဲ့သည့် ဩဂုတ် ၃၁ ရက်က အာဏာပိုင်များက ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
Ref; India Today NE