AB News – ဧပြီ ၂၄၊ ၂၀၂၆
မြန်မာနိုင်ငံတစ်ဝန်းရှိ တိုင်းဒေသကြီးနှင့် ပြည်နယ် ၈ ခုမှ မြို့နယ်ပေါင်း ၆၀ တွင် “အရေးပေါ်အခြေအနေ” ကို ရက်ပေါင်း ၉၀ ကြာ ထပ်မံတိုးမြှင့်သတ်မှတ်လိုက်ကြောင်း ယမန်နေ့တွင် ကာချုပ်သစ် ရဲဝင်းဦးမှ ထုတ်ပြန်ကြေညာလိုက်သည်။
ပြီးခဲ့သည့် ဧပြီ ၂၃ ရက်နေ့က ထုတ်ပြန်ခဲ့သည့် အမိန့်အမှတ် ၁/၂၀၂၆ အရ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၂၁ (က) ကို ကိုးကား၍ ဤအရေးပေါ်အခြေအနေကို ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အရေးပေါ်ကြေညာချက်တွင် ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ရက္ခိုင်၊ ရှမ်းပြည်နယ်တို့အပြင် မန္တလေး၊ စစ်ကိုင်းနှင့် မကွေးတိုင်းဒေသကြီးတို့မှ မြို့နယ်အများအပြား ပါဝင်နေသည်။
အထူးသဖြင့် ရက္ခိုင်ပြည်မှ ၁၄ မြို့နယ်နှင့် ရှမ်းပြည်နယ်မှ ၁၅ မြို့နယ်အထိ ပါဝင်နေပြီး ကချင်ပြည်နယ်မှ ၅ မြို့နယ်၊ ကယားပြည်နယ်မှ ၃ မြို့နယ်၊ ကရင်ပြည်နယ်မှ ၂ မြို့နယ်၊ ချင်းပြည်နယ်မှ ၇ မြို့နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးမှ ၈ မြို့နယ်၊ မကွေးတိုင်းဒေသကြီးမှ ၅ မြို့နယ်နှင့် မန္တလေးတိုင်းဒေသကြီးမှ ၁ မြို့နယ်တို့ဖြစ်သည်။
ယခုကဲ့သို့ အရေးပေါ်အခြေအနေ ကြေညာထားသည့် ရက်ပေါင်း ၉၀ အတွင်း လက်လွှတ်ဆုံးရှုံးထားရသည့် နယ်မြေများကို ပြန်လည်ရယူရန် ကြိုးပမ်းမှုနှင့်အတူ လေကြောင်းမှ အုပ်စုလိုက် ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်လာခြင်းကြောင့် အရပ်သားပြည်သူများမှာ စိုးရိမ်ထိတ်လန့်နေကြရပြီး ဒေသခံများအနေဖြင့် ဘေးကင်းရာသို့ တိမ်းရှောင်နေရသကဲ့သို့ အရေးပေါ်ခိုလှုံရာနေရာများနှင့် ဗုံးခိုကျင်းများ ပြင်ဆင်နေကြကြောင်း သိရသည်။


