သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပတ်ဝန်းကျင်က သတ်မှတ်ထားတဲ့ ပုံစံခွက်ထဲမှ ရုန်းထွက်နိုင်ခဲ့သူ

ဆောင်းပါး
ခင်မြတ်သျှင် – ရေးသည်။

ကမ္ဘာတစ်ဝန်းမှာတော့ LGBTQ+ နဲ့ ပတ်သက်ပြီး တန်းတူညီမျှရေး၊ တန်းတူအခွင့်အရေးရရှိရေး လှုပ်ရှားမှုတွေ၊ ဆွေးနွေးပွဲတွေအပြင် သုတေသနတွေ လုပ်ဆောင်တာတွေရှိကြသလို တစ်ဖက်မှာလည်း အနှိမ်ခံ၊ အဖိနှိပ်ခံ ဘဝတွေလည်း အခုထိ ဆက်လက်ရှိနေဆဲပါ။

ပွင့်လင်းမြင်သာလာတဲ့ ယနေ့ခေတ်ကြီးမှာတော့ LGBTQ+ ကို လူမှုအသိုင်းအဝိုင်းတွေမှာ သိသိသာသာလက်ခံ လာကြတာတော့ ဝမ်းသာစရာတစ်ခုဖြစ်ပေမဲ့ ဒါဟာလည်း အစကနဦးကတည်းက ရသင့်တဲ့ အခွင့်အရေးတစ်ခုလို့လည်း ထင်မိပါတယ်။

LGBTQ+ ဆိုတာ အခွင့်ထူးခံ လူတန်းစား တစ်ရပ် မဟုတ်သလို အချိုးနှိမ်ခံ လူတန်းစားတစ်ရပ်လည်း မဟုတ်ပါ ဘူး။ ဥပမာ-လူတွေရဲ့ လိင်စိတ်ခံယူမှု၊ ဖြစ်တည်မှုတွေကို မခွဲခြားတဲ့အပြင် တစ်ဖက်သားရဲ့ ဖြစ်တည်မှုအပေါ် ကဲ့ရဲ့ပြစ်တင်ဝေဖန်မှုတွေ မလုပ်တဲ့ တန်းတူညီမျှပြီး လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်တွေ ရရှိတဲ့ လူဘောင်တစ်ခုဖော်ဆောင် နိုင်ဖို့ ကျမတို့တစ်ဦးတစ်ယောက်ချင်းစီပါဝင်နိုင်မယ်ဆိုရင် ကောင်းမွန်တဲ့အရွေ့တစ်ခုကို ရောက်ရှိနိုင်မယ်လို့ ထင်မြင်မိပါတယ်။

ကျမတို့ ပတ်ဝန်းကျင်မှာ သိတတ်စအရွယ်ကတည်းက ကိုယ့်ဖြစ်တည်မှုကို ရှာဖွေတွေ့ရှိသွားသူတွေလည်းရှိသလို အသက်အရွယ်အပိုင်းအခြားတစ်ခုကိုရောက်မှ ကိုယ့်ဖြစ်တည်မှုကို ရှာဖွေတွေရှိခဲ့တဲ့သူတွေလည်း ရှိနေပါတယ်။

တချို့ကျ သိတတ်တဲ့ ကလေးအရွယ်ကတည်းက ယောင်္ကျားလေးဖြစ်ပါလျှက်နဲ့ မိန်းကလေးလိုပြောဆို ပြုမှုတာ တွေ၊ မိန်းကလေးဖြစ်ပါလျှက်နဲ့ ယောင်္ကျားလေးလို ပြုမှုတာတွေ ရှိပါတယ်။ ဒီလိုဆိုတိုင်းလည်း သူတို့တွေကို လုံးဝ LGBTQ+ ဖြစ်တယ်လို့ဆိုလိုခြင်းမျိုးမဟုတ်ပါ။ အရွယ်တစ်ခုရောက်မှ ပြောင်းလဲသွားကြတဲ့သူတွေလည်းရှိ နေတတ်ပါတယ်။

ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်က အေးအေး(အမည်လွှဲ) ဟာလည်း ကလေးအရွယ်ကတည်းက အဖေနဲ့ အဘိုးဖြစ်သူရဲ့ ယောင်္ကျားလေးတစ်ယောက်လို ပြောဆိုဆက်ဆံမှုတွေကြောင့် ယောင်္ကျားလေး တစ်ယောက်လို နေထိုင်ခဲ့ရပါတယ်။ ကျောင်းတက်စ မူလတန်းအရွယ်မှာလည်း သူမကို အိမ်က ယောင်္ကျားလေးတစ်ယောက်လို ဝတ်စား ဆင်ယင်ပေးမှုတွေအပြင် ယောင်္ကျားလေး အသုံးအဆောင်တွေနဲ့ ကစားစရာတွေ ဝယ်ပေးခဲ့တယ်လို့ သူမက ပြောပါတယ်။

ပျိုဖော်ဝင်စ အလယ်တန်းကျောင်းတက်စအရွယ် လောက်ကနေစပြီးတော့ အမေဖြစ်သူက သူမကို မိန်းကလေး အသုံးဆောင်ပစ္စည်းတွေနဲ့ မိန်းကလေးတစ်ယောက်လိုနေဖို့ သိသိသာသာ ပြောဆိုတာတွေရှိလာခဲ့ပါတယ်။ ဒါကြောင့် သူမဟာ သူ့အမေဖြစ်စေချင်သလို နေထိုင်ဝတ်စားဆင်ယင်ခဲ့ရပါတယ်။ အချိန်ကြာလာတဲ့နောက်မှာ တော့ မိန်းကလေးတစ်ယောက်လို နေထိုင်ပြုမူရတာဟာ သူမရဲ့ ဖြစ်တည်မှုအစစ်အမှန် မဟုတ်မှန်း သိလာခဲ့ ရတယ်လို့ ဆိုပါတယ်။ အမေဖြစ်သူရဲ့ ဆန္ဒကို မလွန်ဆန်နိုင်သော်လည်း ကိုယ့်ဖြစ်တည်မှုကို မပြောင်းလဲနိုင်တဲ့ အေးအေး တစ်ယောက်ဟာ အမေ့ကွယ်ရာမှာ အခုလိုနေထိုင်ခဲ့ရတယ်လို့ ဆိုပါတယ်။

“အိမ်က ထွက်လာတုန်းက ထဘီလိုမျိုး ဝတ်လာခဲ့လိုက်တယ်။ အိမ်ပြင်ရောက်မှ ပုဆိုးလို ပြောင်းပြီး ဝတ်ရတာမျိုးပေါ့။ ဒါပေမယ့် အမေက ကိုယ်မွေးထားတဲ့ သမီးကိုတော့ မိန်းကလေးလိုပဲ မြင်စေချင်တာတော့ ကျမ သိပါတယ်” ဟု အေးအေး က ဆိုပါတယ်။

ငယ်စဥ်ကတော့ သူမရဲ့ ပတ်ဝန်းကျင်မှာ LGBTQ+ တွေကို ဝေဖန်ကဲ့ရဲ့ စကားလုံးတွေဖြစ်တဲ့ (အခြောက်၊ အခြောက်မ၊ ယောက်ကလျာ) လို့ ခေါ်ဆိုသုံးနှုန်းတာ၊ သူတို့အပေါ်ခွဲခြားဆက်ဆံတာတွေကို နည်းမလည်ခဲ့ပါဘူး။ ဒါဟာ တစ်ဖက်သားရဲ့ ဖြစ်တည်မှုကို ဘယ်လောက်ထိ နှိမ့်ချပြောဆိုတာဖြစ်ကြောင်းကို ကိုယ်တိုင် ခံစားရတဲ့ အချိန်မှသာ နားလည်ခဲ့ကြောင်း သူမကဆိုပါတယ်။ သူမ ၁၀ တန်းဖြေပြီးတဲ့အချိန် ရန်ကုန်မှာ အလုပ်လုပ်နေတဲ့ သူမရဲ့ အစ်မက လှမ်းခေါ်တာကြောင့် ရန်ကုန်မြို့ပြကြီးသို့ ရောက်ဖြစ်ခဲ့ပါတယ်။

“ရွာက လာတာဆိုတော့ ရွာမှာနေခဲ့သလိုမျိုး ဆံပင် ဘိုကေပုံစံတိုတိုကလေးနဲ့ပေါ့။ ရန်ကုန်ကိုရောက်တော့ အစ်မက ဒီကစက်ရုံတစ်ချို့မှာ ဟိုမရောက်ဒီမရောက်တွေဆို အလုပ်ရဖို့ မသေချာဘူးတဲ့။ ဒါ့ကြောင့် မြန်မာဝတ်စုံ တစ်စုံ ချုပ်ပေးတယ်။ နောက်ပြီး ဆံပင်အရှည်ထားခိုင်းခဲ့တယ်” လို့ သူမက ပြောတယ်။
သူမ အလုပ်သွားလျှောက်တဲ့နေ့က မြန်မာဝတ်စုံနဲ့ ဆံပင်ကိုလည်း မိန်းကလေးလိုမျိုးသေချာ လုပ်ပြီးသွား လျှောက်ခဲ့ရပါတယ်။ လှိုင်သာယာမြို့နယ်က အထည်ချုပ်စက်ရုံတစ်ခုမှာ သူမအလုပ်ရခဲ့ရပြီး အလုပ်စဆင်းတဲ့နေ့ မှာပဲ သာမန်မိန်းကလေးတစ်ယောက်လို ပြုမှုနေထိုင်ခဲ့ရသလို ပုံပန်းသဏ္ဍာန်အမှန်ကို အထက်အကြီးအကဲတွေ မရိပ်မိအောင်လည်း သတိထားပြီးနေခဲ့ရပါတယ်။ စက်မှုဇုံတွေမှာ Labour group တွေဟာ interview လုပ်က တည်းက တချို့ LGBTQ+ တွေကို လျှောက်လွှာအဆင့်ကနေ ပယ်ချတာ (reject) ၊ အလုပ်ရပြီးနောက်လည်း nickname(အမည်ပြောင်) နဲ့ခေါပြီး လှောင်ပြောင်တာတွေ ရှိပါတယ်။ ဒါ့အပြင် ရန်ကုန်က စက်မှုဇုန်၊ အထည်ချုပ်စက်ရုံတွေမှာ LGBTQ+ ဝန်ထမ်းအများစုဟာ silent discrimination လုပ်ခံရတာတွေနဲ့လည်း ရင်ဆိုင်ကြုံတွေ့နေရတယ်လို့ ဆိုပါတယ်။

“ရန်ကုန်မှာက အစ်မအကြီးဆုံးနဲ့ နေရတာ၊ အစ်မကြီးက ကျမ ဒီလိုပုံစံဖြစ်နေတာကို မကြိုက်ဘူး။ ဒါ့ကြောင့် သူ့ရှေ့မှာဆို မိန်းကလေးလိုနေရတယ်။ ကိုယ်တစ်ဝက် သူတစ်ဝက်ပေါ့၊ ကျမကလည်း လူကြီးတွေကို သိပ်ပြန် မပြောရဲသေးဘူးလေ” လို့ ပြောပါတယ်။

ရန်ကုန်မှာ တစ်နှစ်ကျော်လောက်နေပြီးတဲ့အချိန် ကိုဗစ်တွေ၊ ဆန္ဒပြတာတွေကြောင့် နောက်ပိုင်း ရွာကိုပြန်လာ ခဲ့တဲ့ သူမဟာ ရွာပြန်ရောက်ရင် အမေဖြစ်သူကို သူမရဲ့ဖြစ်တည်မှုအစစ်အမှန်ကို သေချာပြောတော့မယ်လို့ ဆုံးဖြတ်ထားပြီးသားဖြစ်ကြောင်း ပြောပြပါတယ်။

“ကျမ အမေ့ကိုပြောတယ်။ အမေ သမီးက မိန်းကလေးလိုနေရာတာ မကြိုက်ဘူး။ ယောင်္ကျားလေးတစ်ယောက်လို လွပ်လွပ်လတ်လတ်နေချင်တယ် အမေ၊ မြန်မာဝမ်းဆက် တွေဝတ်ထားရရင်လည်း ခန္ဓာကိုယ်တစ်ခုလုံး ကောက်ညှင်းထုတ် စည်းထားသလိုမျိုး မွန်းကျပ်ပြီး အသက်ရှုလို့မရတော့သလိုမျိုး ခံစားရတယ်။ မိန်းကလေး အသုံးအဆောင်တွေ၊ အဝတ်အစားတွေ၊ ပြောဆိုနေထိုင်မှုတွေနဲ့လည်း သမီးတစ်ခါမှ အသားမကျဘူး အမေ” ဟု အမေဖြစ်သူကို ရင်ဖွင့်ပြောဆိုခဲ့ပါတယ်။

အမေဖြစ်သူရဲ့ သားသမီးအပေါ် ထားရှိတဲ့ မေတ္တာက ကြီးမားခဲ့လို့လား၊ သူမကပဲ ကံကောင်းခဲ့လို့လား မသိခဲ့ရှာဘူး။ သူမ ရန်ကုန် မပြန်မှီတော့ အမေဖြစ်သူကို သေချာနားချနိုင်ခဲ့ပါတယ်။ ဒီတစ်ခေါက် ရန်ကုန်ပြန်ရောက်တော့ ပထမခေါက်တုန်းကလို ဆံပင်ရှည်ထားစရာမလိုသလို၊ အသက်ရှုကျပ်စေတဲ့ မြန်မာဝမ်းဆက်တွေကိုလည်း သူမ ဝတ်စရာမလိုတော့ပါ။ အစ်မကြီးဖြစ်သူကလည်း သူမရဲ့ ဖြစ်တည်မှုအပေါ် ဟန့်တားပိတ်ပင်တာမျိုးတွေ လျော့နည်းသွားတယ်လို့ သူမက ပြောပါတယ်။

သူမဟာ ရန်ကုန်က LGBTQ+ အသိုင်းအဝိုင်းအပေါ် ခြေဆန့်လက်ဆန့်ရှိလာပြီး အပေါင်းအသင်းအသစ်တွေ လည်းရခဲ့ပါတယ်။ သူမဟာ သူငယ်ချင်းသစ် ခင်ခင် နဲ့ ရင်းနှီးပြီးနောက် LGBTQ+ တွေကို ခါးခါးသီးသီးလက်မခံ နိုင်တဲ့ မိသားစုဝင်တွေကြောင့် ကိုယ့်ဖြစ်တည်မှုကို ဖုံးကွယ်မြိုသိပ်ပြီးနေရတဲ့ LGBTQ+ တွေရဲ့ ခံစားချက် အစစ်အမှန်တွေကို ပိုပြီးသိလာခဲ့တယ်လို့ ဆိုပါတယ်။
ခင်ခင်ဟာ ရန်ကုန်ဇာတိဖြစ်ပေမယ့် မိဘတွေက ရှေးကျလွန်းကြပြီး LGBTQ+ ကို လုံးဝလက်ခံသူများ မဟုတ် ကြချေ။ LGBTQ+ ဆိုတာ ”နောက်ဘဝက ဝဋ်ကြွေးတွေရှိခဲ့လို့ အခုလက်ရှိဘဝမှာ ဝဋ်ကြွေးလာဆပ်နေကြရတဲ့ သူတွေ” လို့ ယုံကြည်ပြောဆိုနေကြတဲ့ သူတွေပါ။

“ခင်ခင်တို့ မိဘတွေက LGBTQ+ ကို လုံးဝလက်မခံကြဘူး။ ခင်ခင် ခဗျာ မိဘတွေကို မလွန်ဆန်နိုင်တော့ ကိုယ့် ဆန္ဒကို ကြိတ်မှတ်ပြီးနေရတယ်။ ခင်ခင်က ကျမလို ယောင်္ကျားလေးလို ဝတ်စားဆင်ယင်ပြီးနေချင်တယ်။ ကျမတို့ တွေ ဝတ်တဲ့ ရင်စည်းအင်္ကျီတွေလည်း ဝတ်ချင်တယ်။ ဒါပေမယ့် သူ့အိမ်က ဒါတွေကို ခါးခါးသီးသီးကို လက်မခံ တာ၊ ကျမ ဆံပင်ညှပ်ဆိုင်သွားတဲ့အချိန်ဆို သူအဖော်လိုက်ပေးတယ်။ ကျမ ဆံပင်ညှပ်တာကြည့်ပြီး သူလည်း ကျမလို ဆံပင်တိုတိုလေးညှပ်ချင်တယ်။ နောက်ပြီး တကယ့် ကိုယ့်ပုံစံအမှန်နဲ့ သိပ်နေချင်တယ်လို့ ဘေးနား ကထိုင်ပြီး တဖွဖွ ညည်းပါတယ်” လို့ အေးအေး က ဆိုပါတယ်။

မြန်မာနိုင်ငံမှာ အရေးအခင်းတွေနဲ့ အကျပ်အတည်းဖြစ်တော့ ကုန်စျေးနှုန်းတွေအဆမတန်မြင့်တက်လာခဲ့ပါ တယ်။ အေးအေးတစ်ယောက်လည်း ရန်ကုန်မှာ ဆက်ပြီး အထည်ချုပ်ရုံက ဝန်းထမ်းတစ်ယောက် အဖြစ် ရပ်တည်ဖို့က အခုလောလောဆယ်အရ အဆင်ပြေပေမယ့်လည်း ရှေ့ရေးအတွက်၊ မိသားစုအတွက်လည်း ရှိသေးတဲ့အတွက် သူမ အမျိုးတွေရှိရာ ထိုင်းနိုင်ငံကို တက်သွားခဲ့တယ်လို့ အေးအေး က ပြောပါတယ်။

“ထိုင်းကို စရောက်တုန်းက ရန်ကုန်မှာ ပထမဆုံးအလုပ်ဝင်တုန်းကလိုမျိုး အနှိမ်ခံရမှာ ကြောက်ခဲ့ရတယ်။ ဒါပေမယ့် ဒီမှာက LGBTQ+ ကို တရားဝင် အသိမှတ်ပြုထားပြီး လိင်တူချင်းလက်ထပ်တာကို ဥပဒေအရလည်း တရားဝင်ခွင့်ပြုထားတဲ့ နိုင်ငံဆိုတော့ ကျမတို့နိုင်ငံထက် ပိုပြီး လွပ်လွပ်လပ်လပ်ရှိတယ်။ နားလည်ပေးကြတယ်။ LGBTQ+ ဆိုတာကို သူတို့က အထူးအဆန်းလို မမြင်ဘဲ အကုန်လုံး တန်းတူဆိုပြီး မြင်ကြတယ်။ ပြောဆိုဆက်ဆံကြတယ်။ ကျမကိုဆို ပိုပြီးတောင် ချစ်ကြသေးတယ်” လို့ ပြောပါတယ်။

ထိုင်းနိုင်ငံဟာ လိင်တူလက်ထပ်ခွင့်(Same-sex marriage)ကို ၂၀၂၄ ခုနှစ်မှာ ဥပဒေအရ တရားဝင်ခွင့်ပြု ပေးခဲ့ပါတယ်။ အဆိုပါ ဥပဒေကို လွှတ်တော်ကနေအတည်ပြုပြီး ထိုင်းဘုရင် Maha Vajiralongkorn က လက်မှတ်ရေးထိုးပြီး အတည်ပြုပေးခဲ့တာဖြစ်ပါတယ်။ လိင်တူလက်ထပ်ခွင့် ဥပဒေကို ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလအတွင်း ထုတ်ပြန်ခဲ့ပေမယ့် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၂၂ ရက်နေ့မှ စတင်ပြီး အသက်ဝင်လာခဲ့ တာဖြစ်ပါတယ်။

LGBTQ+ ကို ဥပဒေအရ အသိမှတ်ပြုထားတဲ့ နိုင်ငံနဲ့ ခုချိန်ထိ အသိမှတ်မပြုသေးတဲ့ နိုင်ငံနဲ့ကတော့ အနည်းငယ် သဘောထားမတူညီကွဲလွှဲတာတွေ ရှိနေနိုင်ပါတယ်။ လက်ရှိမြန်မာနိုင်ငံမှာတော့ LGBTQ+ တွေနဲ့ ပတ်သက်တဲ့ ဥပဒေတစ်စုံတစ်ရာ မရှိသေးတဲ့အပြင် သူတို့တွေအေပါ် လက်မခံကြတဲ့ သူတွေအများအပြား ခုချိန်ထိ ရှိနေဆဲပါ။ ကျမတို့ ဘဝမှာ ကိုယ့်ရဲ့အားနည်းချက်တွေ၊ ကောင်းခြင်း၊ ဆိုးခြင်းတွေကို ထုတ်ဖော်ပြသပြီး နှစ်သိမ့်ပေးမဲ့သူ၊ ဂုဏ်ယူပေးမဲ့သူတွေဟာ မိဘတွေ၊ ကျမတို့ကို ချစ်ခင်ရတဲ့သူတွေ မဟုတ်ပါလား။ ဒါဆို နှစ်သိမ့်ပေးမယ့်သူ၊ ဂုဏ်ယူပေးမယ်သူတွေက ကိုယ့်ဖြစ်တည်မှုကို လုံးဝ လက်မခံနိုင်တဲ့သူတွေ ဖြစ်နေရင်ရော။ သူတို့တွေခင်ဗျာ ကိုယ့်ဖြစ်တည်မှုကို မြိုသိပ်ထားရတာဟာ ဘယ်လောက်တောင် မွန်းကြပ်ပြီး ကြောက်ရွံ့နေလိမ့်မလဲ။

တစ်ခါတလေ ပြဿနာသေးသေးလေးတွေ၊ ကိစ္စသေးသေးလေးတွေဆိုရင်တောင် ကျမတို့ ရင်ဖွင့်လို့ရမယ့်သူ၊ ကျမတို့ကို နှစ်သိမ့်အားပေးမယ့်သူတွေမရှိခဲ့ရင် ဘဝကို လက်လျှော့အရှုံးပေးချင်စိတ်ဖြစ်တဲ့ အချိန်တွေဆိုတာ ရှိတတ်ပါတယ်။ ဒါဆို ကိုယ့်ဖြစ်တည်မှုကြီးတစ်ခုလုံးကို လက်မခံနိုင်တဲ့သူတွေကြား ဖုံးကွယ်ပြီး နေနေရတဲ့ သူတွေအဖို့ လောကကြီးဟာ ဘယ်လောက်ထိတောင်ကြောက်စရာကောင်းနေလိုက်မလဲ။ ဘယ်လောက် အတိုင်းတာထိ ရှေ့ဆက်ရမယ့်ဘဝကြီးကို တောင်ခံနိုင်မယ်လို့ ထင်ပါသလဲ။ အရှုံးပေး လက်လျှော့လိုက်တဲ့ သူတွေကရော ဘယ်လောက်တောင်များရှိနေမလဲလို့ တွေးနေမိတယ်။

ထင်မြင်ယူဆချက်‌‌ပေးရန်