
AB News – မတ် ၃၁ ၊ ၂၀၂၆
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ၁၆ ကြိမ်မြောက် ခမီအမျိုးသားနေ့ အကြို အထိမ်းအမှတ် ဘောလုံးပြိုင်ပွဲကို မတ်လ ၂၉ ရက်တွင် ကျင်းပခဲ့ကြောင်း သိရှိရသည်။
ဘောလုံးပြိုင်ပွဲကို ဘန်ကောက်မြို့၊ ဖိကစင်(၉၁)လမ်းကြားရှိ အုန်းပင်ဘောလုံးကွင်းမှာ ကျင်းပခဲ့ခြင်းဖြစ်ပြီး အဆိုပါပြိုင်ပွဲတွင် အမျိုးသားဘောလုံးအသင်း ၁၆ သင်းနှင့် အမျိုးသမီးဘောလုံးအသင်း လေးသင်း၊ စုစုပေါင်း အသင်း ၂ဝ ခန့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။
အမျိုးသားအသင်းများအနက် ပထမဆုကို R2P FC အသင်း၊ ဒုတိယဆုကို PAPINYO FC အသင်းနှင့် တတိယဆုကို ဓညဝတီ(၁) FC အသင်းတို့ ရရှိခဲ့ကြောင်း သိရသည်။
ပထမဆုရအမျိုးသားအသင်းအား ဘတ် ၆ဝဝဝ၊ ဆုဖလားနှင့် ရွှေဆွဲပြားတို့ကို ချီးမြှင့်ခဲ့ပြီး ဒုတိယဆုရအသင်းကို ဘတ် ၃၅ဝဝ အပါအဝင် ဆုဖလား၊ ငွေဆွဲပြားနှင့် တတိယဆုရအသင်းကို ဘတ် ၁ဝဝဝ အသီးသီးချီးမြှင့်ပေးခဲ့သည်။
အမျိုးသမီးအသင်းများအနက် ပထမဆုကို ဓညဝတီရခိုင်သူအသင်းနှင့် ဒုတိယဆုကို ဂေဟာရခိုင်သူအသင်းတို့က ရရှိခဲ့ပြီး ပထမဆုရအမျိုးသမီးအသင်းကို ဘတ် ၃ဝဝဝ၊ ဆုဖလား၊ ရွှေဆွဲပြားနှင့် ဒုတိယဆုရအသင်းကို ဘတ် ၂၅ဝဝ၊ ဆုဖလား၊ ငွေဆွဲပြားတို့ကို အသီးသီးချီးမြှင့်ခဲ့ကြောင်း သိရသည်။
အဆိုပါဘောလုံးပြိုင်ပွဲကို ထိုင်းရောက် ရခိုင်၊ ခမီအပါအဝင် အခြားတိုင်းရင်းသား ပေါင်းစုံ လာရောက် အားပေးခဲ့ကြောင်း သိရသည်။
ခမီအမျိုးသားနေ့သည် လာမည့် ဧပြီလ ၂၇ ရက်နေ့တွင် ကျရောက်မည်ဖြစ်ပြီး ရခိုင်မျိုးနွယ်စုဝင်ဖြစ်သော ခမီလူမျိုးတို့သည် ရက္ခိုင်ပြည်အတွင်းရှိ မြို့နယ်အနှံ့တွင် စုစုပေါင်း လူဦးရေ ရှစ်သောင်းကျော်ခန့် နေထိုင်ကြသည်။