
AB News – မတ် ၁၃၊ ၂၀၂၆
စစ်ကိုင်းတိုင်း၊ ကလေးဝမြို့အနီးဝန်းကျင်တွင် ယနေ့မွန်းလွဲပိုင်းအချိန်က အင်အားရစ်(ခ်)တာစကေး ၃.၅ အဆင့်ရှိ မြေငလျင် လှုပ်ခတ်ခဲ့ကြောင်း စစ်ကော်မရှင်၏ မိုးလေဝသနှင့် ဇလဗေဒညွန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ခဲ့သည်။
စစ်ကိုင်းတိုင်းအတွင်း ယနေ့လှုပ်ခတ်ခဲ့သည့် ငလျင်မှာ အင်အားနည်းမြေငလျင် ဖြစ်၍ ပျက်စီးမှုတစ်စုံတစ်ရာ မရှိကြောင်း ဒေသခံတစ်ဦးက ဆိုသည်။
“ငလျင်က အချန်တိုတိုလေးအတွင်းမှာပဲ အနည်းငယ် လှုပ်ခတ်သွားတယ်။ ထိခိုက်ပျက်စီးသွားတာတော့ မရှိပါဘူး။ ဒါပေမဲ့ မြို့ခံတွေဟာ ငလျင် ဆက်ပြီး လှုပ်ခတ်မှာကို စိုးရိမ်နေကြပါတယ်” ဟု ဆိုသည်။
ယနေ့ လှုပ်ခတ်ခဲ့သည့် မြေငလျင်မှာ ကန့်ဘလူမြေငလျင်စခန်းမှ အနောက်ဘက် ၆၉ မိုင်ခန့်အကွာနှင့် ကလေးမြို့၏ အရှေ့နှင့် အရှေ့တောင်ဘက် ၉ မိုင်ခန့်အကွာကို ဗဟိုပြု လှုပ်ခတ်ခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၃ ရက်နေ့တွင်လည်း မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့၏ အနောက်မြောက်ဘက် ၃ မိုင်ခန့်အကွာကို ဗဟိုပြု၍ အင်အား ၃.၉ အဆင့်ရှိ မြေငလျင် လှုတ်ခတ်ခဲ့ကြောင်း မိုးဇလဌာန ထုတ်ပြန်ထားသည်။