သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မန္တလေး KBZ ဘဏ်ခွဲတစ်ခု ဒုတိယအကြိမ် ဓားပြတိုက်ခံရ၊ သိန်း ၂၃၀၀ ကျော် ပါသွား

AB News – မတ် ၁၄၊ ၂၀၂၆

မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်ရှိ ကမ္ဘာ့ရတနာ (KBZ) ဘဏ်ခွဲတစ်ခုတွင် ယမန်နေ့က ဓားပြတိုက်မှုဖြစ်ပွားပြီး ငွေသားကျပ်သိန်း ၂၃၀၀ ကျော် ပါသွားကြောင်း သိရသည်။

ဖြစ်စဉ်မှာ မတ်လ ၁၃ ရက်နေ့ ညနေ ၃ နာရီကျော်အချိန်တွင် ပြည်ကြီးတံခွန်မြို့နယ်၊ (ဇ) ရပ်ကွက်၊ ရန်ကုန်-မန္တလေး လမ်းဟောင်းပေါ်ရှိ KBZ ဘဏ်ခွဲ (၄၂) သို့ အနက်ရောင်ဝတ်စုံဝတ်ဆင်ထားသည့် အမျိုးသားနှစ်ဦး ဆိုင်ကယ်ဖြင့် ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။

အဆိုပါ အမျိုးသားနှစ်ဦးသည် အနက်ရောင် Scoopy ဆိုင်ကယ်ကို စီးနင်းကာ ဆိုင်ကယ်ဦးထုပ်များ ဆောင်းထားပြီး သေနတ်တိုတစ်လက်နှင့် ဓားရှည်တစ်ချောင်းကို ကိုင်ဆောင်ကာ ဘဏ်အတွင်းသို့ ဝင်ရောက်လာခဲ့ခြင်းဖြစ်သည်။

ထို့နောက် ဘဏ်ဝန်ထမ်းများကို လက်နက်ဖြင့် ခြိမ်းခြောက်ကာ ငွေထုတ်ကောင်တာရှိ ငွေသားစုစုပေါင်း ကျပ် ၂၃၉,၂၀၅,၀၀၀ (သိန်းနှစ်ထောင်သုံးရာကျော်) ကို ယူဆောင်၍ လာရာလမ်းအတိုင်း ဆိုင်ကယ်ဖြင့် မောင်းနှင်ထွက်ပြေးသွားကြသည်။

အခင်းဖြစ်ပွားချိန်တွင် ဘဏ်အတွင်း၌ ဝန်ထမ်း ၂၈ ဦးနှင့် လုံခြုံရေးဝန်ထမ်း ၅ ဦး၊ စုစုပေါင်း ၃၃ ဦး ရှိနေသော်လည်း လူထိခိုက်ဒဏ်ရာရရှိမှု တစ်စုံတစ်ရာ မရှိခဲ့ကြောင်း သိရသည်။

လက်ရှိတွင် ပြစ်မှုကျူးလွန်သူများကို ဖမ်းဆီးရမိနိုင်ရေးအတွက် သက်ဆိုင်ရာ နယ်မြေလုံခြုံရေးအဖွဲ့များက စုံစမ်းစစ်ဆေးမှုများ ပြုလုပ်လျက်ရှိသည်။

အဆိုပါ KBZ ဘဏ်ခွဲ (၄၂) သည် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၁၅ ရက်နေ့ကလည်း ကျပ်သိန်း ၁၈၀၀ ခန့် ဓားပြတိုက်ခံခဲ့ရဖူးသဖြင့် ယခုဖြစ်စဉ်မှာ ဒုတိယအကြိမ်မြောက် ဓားပြတိုက်ခံရခြင်းဖြစ်ကြောင်း သိရှိရသည်။

Photo – VOM

​#AB_News #Mandalay #KBZ_Bank #BankRobbery #MyanmarNews #Pyigyidagun #CrimeNews #SecurityAlert

ထင်မြင်ယူဆချက်‌‌ပေးရန်