AB News – မတ် ၁၉၊ ၂၀၂၆
ချင်းပြည်နယ်အတွင်း စစ်ကော်မရှင်၏ အကြမ်းဖက်လုပ်ရပ်များကြောင့် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှ မတ်လ ၁၈ ရက်နေ့အထိ ကလေးငယ် ၆ ဦးအပါအဝင် အရပ်သား ၁၇ ဦး သေဆုံးခဲ့ရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်သည်။
AAPP ၏ အချက်အလက်များအရ သေဆုံးသူ ၁၇ ဦးတွင် အမျိုးသမီး ၃ ဦးနှင့် အမျိုးသား ၁၄ ဦး ပါဝင်ပြီး ၎င်းတို့၏ အမည်စာရင်းများကို အတည်ပြုနိုင်ခဲ့ကြောင်း သိရသည်။
သေဆုံးသူများထဲတွင် ၃ နှစ်အရွယ် ကလေးငယ်တစ်ဦး အပါအဝင် အသက် ၁၈ နှစ်အောက် ကလေးငယ် ၆ ဦးအထိ ပါဝင်နေခြင်းဖြစ်သည်။
သေဆုံးသူများအနက် ၁၆ ဦးမှာ စစ်ကော်မရှင်၏ လေကြောင်းဗုံးကြဲမှုကြောင့် သေဆုံးခဲ့ရပြီး ကျန် ၁ ဦးမှာ စစ်ကော်မရှင်တပ်၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ခြင်းဖြစ်သည်။
ထို့ပြင် အဆိုပါကာလအတွင်း ချင်းပြည်နယ်၌ပင် အတည်ပြုရန် လိုအပ်နေသေးသည့် အရပ်သား ၅ ဦး၏ သေဆုံးမှုစာရင်းကိုလည်း သီးခြားကောက်ယူထားပြီး အတည်ပြုနိုင်ရန် ဆက်လက် ဆောင်ရွက်နေကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ပြီးခဲ့သည့် မတ်လ ၁၄ ရက်နေ့ကလည်း ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ လုံးဟော့ကျေးရွာကို စစ်ကော်မရှင်၏ တံတားဦးလေတပ်မှ ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကျေးရွာအတွင်းရှိ နေအိမ်များပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့သည်။
ယင်းတိုက်ခိုက်မှုကြောင့် ဗန်လျန်ထောင်၊ ဟင်နရီကပ်နိုင်ဆန်းနှင့် ဟရန်းလွန်ဆန်းတို့ ဗုံးစထိမှန်ကာ သေဆုံးခဲ့ရကြောင်း AAPP ၏ ထုတ်ပြန်ချက်အရ သိရသည်။
Photo – AAPP

