
AB News – ဇွန် ၁၀၊ ၂၀၂၆
ICC ရှေ့နေချုပ် ကာရင်မ် အာမက်ခန်း အပေါ် စွပ်စွဲထားသည့် လိင်ပိုင်းဆိုင်ရာ ကျင့်ဝတ်ပျက်ပြားမှု စွပ်စွဲချက်များ အရှိန်အဟုန်ပြင်းစွာ ကြီးထွားလာပြီးနောက် နိုင်ငံတကာ ရာဇဝတ်တရားရုံး (ICC) ၏ ကြီးကြပ်ရေးအဖွဲ့က ၎င်းအား တာဝန်မှ ယာယီရပ်ဆိုင်းလိုက်ပြီး အဖွဲ့ဝင်နိုင်ငံများအနေဖြင့် ၎င်းအား ရာထူးမှ ထုတ်ပယ်ရန် မဲခွဲဆုံးဖြတ်နိုင်ခြေရှိသည့် လုပ်ငန်းစဉ်များကိုလည်း ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း သိရှိရသည်။
၂၀၂၃ ခုနှစ်နှင့် ၂၀၂၄ ခုနှစ်အတွင်း ကာရင်မ်ခန်း၏ ရုံးခန်း၊ နေအိမ်နှင့် လုပ်ငန်းခွင် ခရီးစဉ်များအတွင်း ဖြစ်ပွားခဲ့သည်ဆိုသော ဖြစ်ရပ်များနှင့် ပတ်သက်၍ ထွက်ပေါ်လာခြင်းဖြစ်ပြီး ပြီးခဲ့သည့် မတ်လအတွင်း တရားသူကြီးများအဖွဲ့က ကရင်မ်ခန်အား အဆိုပါ စွပ်စွဲချက်များမှ ကင်းစင်ကြောင်း ဆုံးဖြတ်ခဲ့သည်ဟု သတင်းထွက်ပေါ်ခဲ့သော်လည်း ICC ၏ စီမံခန့်ခွဲရေးအဖွဲ့ (Bureau) က နောက်ထပ် သက်သေအထောက်အထားများကို ပြန်လည်သုံးသပ်ပြီးနောက် အဆိုပါ ဆုံးဖြတ်ချက်ကို ပယ်ဖျက်ကာ ဤကဲ့သို့ ရာထူးမှ ရပ်ဆိုင်းခဲ့ခြင်းဖြစ်သည်။
စွပ်စွဲချက်များအား ငြင်းဆိုထားသည့် ဗြိတိန်ရှေ့နေ ကာရင်မ်ခန်းသည် ယခုဆုံးဖြတ်ချက်ကို တုံ့ပြန်ချေပရန် ပြင်ဆင်နေပြီး ၎င်းအား ရာထူးမှ အပြီးပိုင်ဖယ်ရှားရန်အတွက် ICC အဖွဲ့ဝင် ၁၂၅ နိုင်ငံအနက် သုံးပုံနှစ်ပုံ၏ ထောက်ခံမှုလိုအပ်ပြီး လျှို့ဝှက်မဲခွဲ ဆုံးဖြတ်သွားမည် ဖြစ်ကြောင်း သိရသည်။
ကာရင်မ် ခန်း (Karim Khan) သည် ၂၀၂၁ ခုနှစ်၊ ဇွန်လမှစ၍ ICC ရှေ့နေချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ပြီး ၎င်းသည် အစ္စရေး-ဂါဇာ ပဋိပက္ခအတွင်း ဖြစ်ပွားခဲ့သည့် စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှု စွပ်စွဲချက်များနှင့် ပတ်သက်၍ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟု (Benjamin Netanyahu)၊ ကာကွယ်ရေးဝန်ကြီး ယိုအက်ဗ် ဂါးလန့် (Yoav Gallant) နှင့် ဟားမတ်စ်ခေါင်းဆောင်များကို ဖမ်းဝရမ်းထုတ်ရန် ၂၀၂၄ ခုနှစ်၊ မေလတွင် ၎င်း၏ရုံးက တောင်းဆိုခဲ့ပြီးနောက် ကမ္ဘာတစ်ဝန်းတွင် သိသာထင်ရှားစွာ ရေပန်းစား လူသိများလာခဲ့သည်။ ထိုလုပ်ရပ်အပေါ် နိုင်ငံရေးအရ ဘက်လိုက်မှုရှိသည်ဟု စွပ်စွဲချက်များ အပါအဝင် နိုင်ငံတကာမှ ပြင်းထန်သော တုံ့ပြန်မှုများ ထွက်ပေါ်လာခဲ့သည်။
ကာရင်မ် ခန်း သည် မြန်မာနိုင်ငံတွင် ကျူးလွန်ခဲ့သည့် ရက်စက်ကြမ်းကြုတ်မှုများအတွက် တာဝန်ခံမှု၊ တာဝန်ယူမှုရှိစေရေး ကြိုးပမ်းချက်များကိုလည်း ရှေ့ဆက်လုပ်ဆောင်ခဲ့ပြီး မူဆလင်လူမျိုးများကို ပြည်နှင်ဒဏ်ပေးခြင်းနှင့် ညှဉ်းပန်းနှိပ်စက်ခြင်း အပါအဝင် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများအတွက် မြန်မာစစ်တပ်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား ဖမ်းဝရမ်းထုတ်ပေးရန် ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလတွင် ၎င်းက လျှောက်ထားစွဲဆိုခဲ့သည်။
ထိုစွပ်စွဲထားသည့် ရာဇဝတ်မှုများသည် ၂၀၁၆ နှင့် ၂၀၁၇ ခုနှစ်များအတွင်း မြန်မာနိုင်ငံ၊ ရက္ခိုင်ပြည်၌ ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှုများကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းသို့ အစုလိုက်အပြုံလိုက် ထွက်ပြေးတိမ်းရှောင်ခဲ့ရသည့် ဖြစ်စဉ်များအတွင်း ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ကာရင်မ် ခန်း ၏ ရုံးအဖွဲ့သည် ဤအခြေအနေကို ၂၀၁၉ ခုနှစ်မှ စ၍ စုံစမ်းစစ်ဆေးခဲ့ခြင်းဖြစ်ပြီး ၎င်းကိုယ်တိုင်လည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇား (Cox’s Bazar) ရှိ မူဆလင်ဒုက္ခသည်စခန်းများသို့ သွားရောက်ကာ ထိခိုက်ခံစားခဲ့ရသည့် လူထုနှင့် တွေ့ဆုံ၍ စကားပြောဆိုခဲ့ကြောင်း သိရသည်။
ဤကဲ့သို့ ကာရင်မ် ခန်း အား ရာထူးမှ ယာယီဆိုင်းငံ့လိုက်ခြင်းအပေါ် ဝေဖန်သူများကမူ ၎င်းလုပ်ရပ်သည် အစ္စရေး၊ မြန်မာနှင့် အခြားသော အခြေအနေများနှင့် ပတ်သက်သည့် လူထုအာရုံစိုက်မှုမြင့်မားသော အမှုတွဲများနှင့် ဆက်နွှယ်နေသည့် နိုင်ငံရေးအရ လက်တုံ့ပြန်မှုတစ်ခု ဖြစ်နိုင်ကြောင်း ဖော်ပြကြသည်။
ယူကရိန်း၊ ဂါဇာ၊ မြန်မာ (ဘင်္ဂလားဒေ့ရှ်/မြန်မာ အခြေအနေ) နှင့် ဒါဖာ (Darfur) တို့တွင် ဖြစ်ပွားနေသော ICC ၏ စုံစမ်းစစ်ဆေးမှုများသည် လက်ရှိတွင် ဒုတိယရှေ့နေချုပ်များ၏ လက်အောက်တွင် ကာလတိုအတွင်း ဆက်လက်လည်ပတ်သွားလိမ့်မည်ဟု မျှော်လင့်ရသည်။
ကာရင်မ် ခန်း သည် ကုလသမဂ္ဂ၏ စုံစမ်းစစ်ဆေးမှုကို စောင့်ဆိုင်းစဉ်အတွင်း ၂၀၂၅ ခုနှစ်၊ မေလတွင် ခွင့်ယူခဲ့ပြီး ၎င်းတွင် အပြစ်မရှိကြောင်း လူသိရှင်ကြား အမြဲတစေ ပြောဆိုခဲ့သည်။
မကြာသေးမီက ပြုလုပ်ခဲ့သည့် လူတွေ့မေးမြန်းခန်းများတွင်လည်း ကနဦး စိစစ်ရှင်းလင်းမှုအပြီးတွင် ဤကိစ္စရပ်အား အပြီးသတ်မပိတ်သိမ်းခဲ့သည့်အပေါ် ၎င်းအနေဖြင့် ‘ဇဝေဇဝါ ဖြစ်ရသည်’ ဟု ထည့်သွင်းပြောကြားခဲ့သည်ကို တွေ့ရှိရသည်။
ဤဆုံးဖြတ်ချက်ကြောင့် နိုင်ငံတကာ ဥပဒေရေးရာအသိုင်းအဝိုင်းအတွင်း သဘောထားအမြင်များ ပြင်းထန်စွာ ကွဲပြားသွားခဲ့ပြီး အချို့က ဤအမှုအား တရားရုံး၏ ဂုဏ်သိက္ခာနှင့် သန့်ရှင်းမှုကို ထိန်းသိမ်းရန် လိုအပ်သော ခြေလှမ်းတစ်ရပ်အဖြစ် ရှုမြင်ကြသော်လည်း အချို့ကမူ ကမ္ဘာတစ်ဝန်းတွင် အမှုတွဲများကို တက်ကြွစွာ ကိုင်တွယ်နေရသည့် ယခုကဲ့သို့သော အချိန်မျိုး၌ ဤလုပ်ရပ်သည် ICC ၏ ယုံကြည်ကိုးစားထိုက်မှုကို ထိခိုက်စေနိုင်ကြောင်း စိုးရိမ်လျက်ရှိနေကြသည်။
ဤအမှုနှင့် ပတ်သက်သည့် အသေးစိတ်အချက်အလက်အပြည့်အစုံကို လျှို့ဝှက်ထားဆဲဖြစ်သော်လည်း၊ ဗျူရို (အုပ်ချုပ်ရေးအဖွဲ့) ၏ ယခုလုပ်ရပ်သည် အတွင်းပိုင်းတိုင်ကြားချက်များကို ကိုင်တွယ်ဖြေရှင်းခဲ့ပုံအပေါ် အလေးအနက် စိုးရိမ်ပူပန်မှုများရှိနေခြင်းကို ထင်ဟပ်နေကြောင်း ဆိုသည်။
ယခု ဖြစ်ရပ်သည် မကြာသေးမီနှစ်များအတွင်း တရားစွဲဆိုမှုဆိုင်ရာ ဆုံးဖြတ်ချက်များကြောင့် အစိုးရအသီးသီး၏ ဝေဖန်ပြစ်တင်မှုကို ခံခဲ့ရသော ICC အတွက် နောက်ထပ် လှိုင်းထန်စရာ ကာလတစ်ခု ဖြစ်လာခဲ့ပြီး ကာရင်မ် ခန်း ၏ ရာထူးသက်တမ်း ရှေ့ဆက်၊ မဆက် မဲခွဲဆုံးဖြတ်မည့်ရက် နီးကပ်လာသည်နှင့်အမျှ နိုင်ငံတကာအသိုင်းအဝိုင်းက The Hague တရားရုံးကို စိုးရိမ်တကြီး စောင့်ကြည့်နေကြကြောင်း သိရသည်။
ဓာတ်ပုံ – Telangana Today